မကွေး   ဇန်နဝါရီ   ၄

(၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့  အလံတင်အခမ်းအနားကို ယနေ့နံနက် ၄ နာရီ မိနစ် ၂၀ တွင် မကွေးမြို့  မကွေးခရိုင်အားကစား ကွင်း၌ကျင်းပရာ အလံတင်တပ်ဖွဲ့က    ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံကို  တိုင်ထိပ်သို့ လွှင့်ထူပေးကာ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်  တက်ရောက်လာကြသူများက  နိုင်ငံတော်အလံအား   အလေးပြုကြသည်။

ထို့နောက် သဝဏ်လွှာဖတ်ကြားခြင်းအခမ်းအနားကို  မကွေးခရိုင် အားကစားကွင်း၌  ဆက်လက်ကျင်းပရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးဝန်ကြီးများ၊   တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့်    အဖွဲ့ဝင်များ၊  တက္ကသိုလ်၊  ဒီဂရီကောလိပ်ရှိ  ကျောင်းသား ကျောင်းသူများ၊  မကွေးသူနာပြုသင်တန်းကျောင်းမှ    သင်တန်းသား သင်တန်းသူများ၊  မြို့နယ် ကြက်ခြေနီအသင်းအဖွဲ့များ၊  လူမှုရေးအဖွဲ့အစည်းများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။

အခမ်းအနားတွင်  စစ်ရေးပြတပ်ခွဲသည်  တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တက်ရောက်လာကြသူများနှင့်အတူ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်အလံနှင့် ကျဆုံးလေပြီးသော  ခေါင်းဆောင်ကြီးများ၊ တပ်မတော်သားများအား အလေးပြုကာ ဂုဏ်ပြုစစ်ကြောင်းက သစ္စာအဓိဋ္ဌာန် (၄) ချက်ရွတ်ဆိုကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က  ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ   နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ     သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ    ပေးပို့သော (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့သဝဏ်လွှာကို ဖတ်ကြားသည်။

အခမ်းအနားအပြီးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် ကျင်းပသည့် ဖူဆယ်ပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ဘော်လီဘောပြိုင်ပွဲ၊   ခေါင်းအုံးရိုက်ပြိုင်ပွဲ၊ ထုပ်ဆီးတိုးပြိုင်ပွဲ၊  လွန်ဆွဲပြိုင်ပွဲနှင့် အပြေးပြိုင်ပွဲစသည့် အားကစားနည်းများတွင်  မကွေးမြို့နယ်အတွင်းရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်ရှိ ကျောင်းသား ကျောင်းသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ အခြေခံပညာကျောင်းများမှ  ကျောင်းသား ကျောင်းသူများနှင့် ဒေသခံပြည်သူများ ဝင်ရောက်ယှဉ်ပြိုင်နေမှုကို လှည့်လည်ကြည့်ရှုအားပေးကာ ဆုရရှိသူများအား ဆုတံဆိပ်၊ ဆုဆွဲပြားများနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြပြီး  ခင်းကျင်းပြသထားသော လွတ်လပ်ရေးနေ့အထိမ်းအမှတ်ပြခန်းများကို လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။   

မောင်ခိုင်မင်း(ပြန်/ဆက်)