မကွေး  ၂၇    ဩဂုတ်  


 
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ ကြာကန်ကျေးရွာအုပ်စု၊ ညောင်ပင်သာကျေးရွာ၊ ကန်နှစ်ဆင့်စုရပ်၌  ကျေးရွာနေပြည်သူများနှင့် Mega Global Green  Automation ကုမ္ပဏီတို့ပူးပေါင်း၍ နေရောင်ခြည်စွမ်းအင်သုံး ဆိုလာစနစ်ဖြင့် ရေတင်၍ အိမ်တိုင်ရာရောက် ရေရရှိရေးလုပ်ငန်း ဆောင်ရွက်လျက်ရှိကြောင်း အဆိုပါကျေးရွာ ရေပေးဝေရေးကော်မတီဥက္ကဌ ထံမှသိရသည်။

 

အဆိုပါ ညောင်ပင်သာကျေးရွာ ကန်နှစ်ဆင့်စုရပ် အိမ်တိုင်ရာရောက်ရေရရှိရေးအတွက် ယခင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန နှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ(JICA)တို့ပူးပေါင်း၍ စက်ရေတွင်းတူးဖော်ခြင်းနှင့် စင်မြင့်ရေစင်တည်ဆောက်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း၊ အိမ်တိုင်ရာရောက်ရေရှိရေးအတွက် ပြည်သူ၊ ကျေးလက်၊ ယူနီဆက်အစီအစဉ်ဖြင့် ဆောင်ရွက် ခဲ့ကြောင်း၊ ယခုအခါ အဆိုပါ စက်ရေတွင်းတွင် နေရောင်ခြည်စွမ်းအင်သုံး ဆိုလာစနစ်ဖြင့် ရေရရှိရေးအတွက် ငွေကျပ်သိန်း ၁၃၀ အကုန်အကျခံကာ ဆိုလာ ၁၅ ကီလိုဝပ် တပ်ဆင်ခြင်းလုပ်ငန်းကို Mega Global Green  Automation ကုမ္ပဏီမှ တာဝန်ယူ ဆောင်ရွက်လျက်ရှိကြောင်း ကျေးရွာရေပေးဝေရေးကော်မတီဥက္ကဌ ဦးပြေသိန်းထံမှ သိရသည်။

 

“ကျွန်တော်တို့ကျေးရွာဟာဆိုရင် ယခင်နှစ်များက နွေရာသီရောက်တိုင်း သောက်သုံးရေရှားမှုတွေ ကြုံခဲ့ရတဲ့ကျေးရွာတစ်ရွာဖြစ်ပါတယ်၊ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်ကစပြီး မကွေးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ JICA ၊ ယူနီဆက်တို့ပူးပေါင်းပြီး အိမ်တိုင် ရာရောက်ရေရှိရေး ဆောင်ရွက်ပေးခဲ့တဲ့အတွက် သောက်သုံးရေ ဖူလုံစွာ ရရှိခဲ့ပါတယ်၊ အိမ်တိုင်ရာရောက်ရေရရှိရေး စနစ်ဖြစ်တဲ့အတွက် ကျေးရွာရေကော်မတီက ရေပေးရေးစနစ်လည်ပတ်နိုင်ရေးနဲ့ ပြုပြင်ထိန်းသိမ်းရေးအတွက် ရန်ပုံငွေအဖြစ် ရေတစ်ယူနစ် (ဂါလန်၂၂၀)ကို ငွေကျပ် ၁၀၀၀ နှုန်းကောက်ခံပါတယ်၊ ရေကို နေ့စဉ်မဖြစ်မနေအသုံးပြုရတဲ့အတွက် ကျေးရွာနေပြည်သူတွေ ရေကို ဈေးနှုန်းသက်သာစွာနဲ့ အသုံးပြုနိုင်ဖို့အတွက် အခုလို နေရောင်ခြည်စွမ်းအင်သုံးဆိုလာစနစ်နဲ့ ရေရရှိရေးဆောင်ရွက်တာဖြစ်ပါတယ်၊ အခုစနစ်ဆောင်ရွက် ပြီးရင်တော့ ရေတစ်ယူနစ်ကို ငွေကျပ် ၅၀၀ နှုန်းအထိ လျော့ချကောက်ခံသွားမှာဖြစ်တယ်လို့” ကျေးရွာရေပေးဝေရေးကော်မတီဥက္ကဌ ဦးပြေသိန်းက ဆက်လက်ပြောပြသည်။

 

မကွေးမြို့နယ်အတွင်း ကျေးလက်နေပြည်သူများ သန့်ရှင်းသော သောက်သုံးရေရရှိရေးအတွက် ၂၀၁၉- ၂၀၂၀ ခုဘဏ္ဍာရေးနှစ်တွင် နှစ်စဉ်လိုလို သောက်သုံးရေရှားပါးလို့ ရေပေးဝေခဲ့ရသည့် ကျေးရွာများ၊ ယခင်နှစ်ကရေပေးဝေခဲ့ရသည့် ကျေးရွာများနှင့် အခြားရေရှားပါး ပြတ်လပ်နိုင်တဲ့ ကျေးရွာ တွေဖြစ်တဲ့ ကျေးရွာ(၁၂)ရွာကို ဦးစားပေးကာ တွင်းနက်စက်ရေတွင်းသစ် ရှစ်တွင်းတူးဖော်ခြင်းနှင့် အခြားရေရရှိရေး လုပ်ငန်းတစ်ခုကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခွင့်ပြုရန်ပုံငွေကျပ် ၁၉၉ ဒသမ ၂၄၁ သန်း ဖြင့် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှ စတင် ဆောင်ရွက်ခဲ့ရာ ယခုအခါ ရေရရှိရေးလုပ်ငန်း အားလုံးရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးဖြစ်ကြောင်း မကွေးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်စိုးက ထံမှသိရသည်။

 

သန်းလွင်(မကွေး)