မကွေး  ၄  နိုဝင်ဘာ    

မကွေးတိုင်းဒေသကြီး မကွေးမြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးအောက်ရှိ ကျေးရွာများ လျှပ်စစ်မီး ရရှိရေးအတွက် ဆောက်ရွက်လျက်ရှိရာ ထုံးပေါက်တောအုပ်စု ထုံးပေါက်တော (တောင်ရွာ၊မြောက်ရွာ) တို့တွင်  နိုဝင်ဘာ ၃ ရက်နေ့မှ စတင်ကာ လျှပ်စစ်မီး ရရှိပြီဖြစ်ကြောင်း သိရသည်။

“ကျေးရွာမီးရရှိရေး နှစ်မိုင်အကွာအဝေးမှာရှိတဲ့ ရွာတွေကိုတော့ ပထမအဆင့်ထားရှိပြီး၊ ၅ မိုင် အကွာအဝေးနဲ့ အထက်ကိုတော့ ဒုတိယအဆင့်ဆိုပြီး နှစ်ပိုင်းခွဲထားတာဖြစ်ပါတယ်၊ အခုအခါ ထုံးပေါက်တောအုပ်စု၊ ထုံးပေါက်တော (တောင်ရွာ၊မြောက်ရွာ) မှာ ပထမအဆင့် လုပ်ငန်းများ ပြီးမြောက်ခဲ့လို့ လျှပ်စစ်မီးရရှိနေပြီ ဖြစ်ပါတယ်။ ထုံးပေါက်တောအုပ်စုမှာ (၂၀၀) KV  ထရန်စဖော်မာ နှစ်လုံးကို တောင်ရွာမှာ တစ်လုံး မြောက်ရွာမှာ တစ်လုံး တပ်ဆင်ပေးခဲ့တာဖြစ်ပါတယ်။ ကျေးရွာများ လျှပ်မီးရရှိရေး လုပ်ငန်းများ ဆောင်ရွက်ရာမှာ မီးတိုင်စိုက်ထူမယ့် လမ်းဧရိယာများ၊ လယ်ပိုင်ရှင်များ၊ ယာပိုင်ရှင်များနဲ့ ညှိယူရာမှာ အခက်အခဲ အနည်းငယ်တော့ ကြုံတွေ့ရပါတယ်။ ကျေးရွာက နေအိမ်တွေ အိမ်သုံးမီတာ လျှောက်ထားတပ်ဆင်ခြင်းတွေကိုလည်း ဆက်လက်ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်” ဟု မကွေးမြို့နယ် လျှပ်စစ်အင်ဂျင်နီယာ ဦးစိုးဌေးအောင်က ပြောသည်။

ထုံးပေါက်တောကျေးရွာအုပ်စုတွင် အိမ်ထောင်စုဦးရေ ၄၃၀ ကျော်ရှိပြီး တောင်ရွာနဲ့ မြောက်ရွာ  ကျေးရွာ မီးလင်းရေးကို ၂၀၁၄ ခုနှစ်က စတင်အ ကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း ကျေးရွာမီးလင်းရေး ကော်မတီဝင် တစ်ဦးကပြောသည်။

အမျိုးသားဓာတ်အားရရှိရေး စီမံကိန်း (NEP) ကို ၂၀၁၅ ခုနှစ်မှ စတင်၍ အကောင်အထည်ဖော် ဆောင်ရွက်နေပြီး ၂၀၃၀ ပြည့်နှစ်အတွင်း တစ်နိုင်ငံလုံးရှိ ကျေးရွာများ ဓာတ်အားရရှိရေး စီမံချက်ဖြင့် ဆောင်ရွက်လျက်ရှိသည်။ မကွေးမြို့နယ်တွင် ပထမအဆင့်အနေဖြင့် ကျေးရွာပေါင်း ၄၀ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခုအခါ မြို့နယ်အတွင်း ကျေးရွာပေါင်း ၂၇ ရွာမှာ မီးလင်းနိုင်ပြီဖြစ်ကြောင်း မြို့နယ်လျှပ်စစ် အင်ဂျင်နီယာ ဦးစိုးဌေးအောင်ထံက သိရသည်။

သန်းနိုင်ဦး(ငဖဲ)