နေပြည်တော် ဇွန် ၄
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး မကွေးမြို့နယ်နှင့် မြို့သစ်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ဦးစွာ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများသည် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် တိုင်းဒေသကြီး အစိုးရခွင့်ပြုရန်ပုံငွေကျပ် ၄၆၉ ဒသမ ၂ သန်းဖြင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် မကွေး-နေပြည်တော် ကားလမ်းမကြီးမှ မကွေးမြို့နယ်၊ ဘုရားပြို(မြောက်)ကျေးရွာနှင့် ဘုရားပြို(တောင်)ကျေးရွာသို့ ဆက်သွယ်သည့် လမ်းကွန်ကရစ်ခင်းခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများ ရေရှည်တည်တံ့ရေး ထိန်းသိမ်းကြရန် ဆွေးနွေးမှာကြားသည်။
ထို့နောက် အမြဲတမ်းအတွင်းဝန်သည် မြို့သစ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ကျေးလက်နေအမျိုးသမီးငယ်များ အလုပ်အကိုင်အခွင့်အလမ်းရရှိရေး၊ တစ်ပိုင်တစ်နိုင် မိသားစုဝင်ငွေတိုးပွားစေရေး ရည်ရွယ်ဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံစက်ချုပ်သင်တန်းကို ကြည့်ရှုစစ်ဆေးပြီး အဆင့်မြင့် စက်ချုပ်ပညာရပ်များအထိ လေ့လာကြရန်နှင့် မိသားစုဝင်ငွေတိုးပွားရေး စက်ချုပ်ပညာရပ်များဖြင့် တစ်ဖက်တစ်လမ်းမှ ဆောင်ရွက်ကြရန် မှာကြားကာ လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
သတင်းစဉ်