မကွေး ၂၇ သြဂုတ်
မကွေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာန၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ အသင်းအဖွဲ့များ ပူးပေါင်းကာ သြဂုတ် ၃၀ ရက်တွင် မကွေးမြသလွန် ဘုရားပွဲတော်ကွင်းဘေး ဧရာဝတီမြစ်အတွင်း၌ ငလျင်သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်မှုများကို လက်တွေ့ကျကျ ပူးပေါင်းလေ့ကျင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
မကွေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနရုံးတွင် ယမန်နေ့ နံနက်ပိုင်းက ငလျင်သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခန်း လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းဦးနှင့်အတူ တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် လူမှုရေးအဖွဲ့အစည်းများ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းဦးက သြဂုတ်လ ၃၀ ရက်နေ့တွင် ပြုလုပ်ဆောင်ရွက်မည့် ငလျင်သဏ္ဍာန်တူ ဇာတ်တိုက် လေ့ကျင့်ခန်းတွင် ဌာနအသီးသီးနှင့် လူမှုရေးအဖွဲ့အစည်းများမှ တက်ညီလက်ညီ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန် မှာကြားပြီး၊ တိုင်းဒေသကြီး မီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ဝင်းစိန်က ငလျင်သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခန်းဆောင်ရွက်မှုအား Power Point ဖြင့် ရှင်းလင်းတင်ပြကာ၊ တက်ရောက်လာသည့် ဌာနအဖွဲ့အစည်းများက လုပ်ငန်းဆောင်ရွက်မှုများနှင့်ပတ်သက်၍ တင်ပြဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ ဆွေးနွေးတင်ပြမှုများအပေါ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့် တိုင်းဒေသကြီး မီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူးတို့က ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်းနှင့် အစည်းအဝေး တက်ရောက်လာသူများအား ကယ်ဆယ်ရေးလုပ်ငန်းများတွင် အသုံးပြုဆောင်ရွက်မည့် ပစ္စည်းများ၊ ဝန်ထမ်းများ၏ လေ့ကျင့်ဆောင်ရွက်မှု အခြေအနေများနှင့် ပတ်သက်၍ တိုင်းဒေသကြီး မီးသတ်ဦးစီးမှူးက လိုက်လံရှင်းလင်းပြသခဲ့ကြောင်း သိရသည်။
သန်းနိုင်ဦး(ငဖဲ)


