မကွေး မေ ၁၂

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနအောက်ရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်များအား မေ ၁၂ ရက်မှစ၍ ဖွင့်လှစ်လျက်ရှိရာ ဆရာအတတ်ပညာဦးစီးဌာန၊ မကွေးပညာရေးဒီဂရီကောလိပ်တွင် ကျောင်းသား ကျောင်းသူ ၁၄၈ ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။ 

ကျောင်းဖွင့်လှစ်မှုနှင့်ပတ်သက်၍ မကွေးပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မြင့်လှိုင်က “ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာန လမ်းညွှန်ချက်များနှင့်အညီ စာသင်ခန်းများအား ပြင်ဆင်ထားရှိကြောင်း၊ ပညာရေး ဒီဂရီကောလိပ် ပထမနှစ် (ပထမနှစ်ဝက်) သင်တန်းနှင့် ပထမနှစ်(ဒုတိယနှစ်ဝက်) သင်တန်းတို့ကို ဖွင့်လှစ်ထားပြီး ဘာသာရပ် ကိုးမျိုး အပြင် ကာယနှင့်အနုပညာ ဘာသာရပ်များကိုပါ သင်ကြားပေးသွားမည်ဖြစ်ကြောင်း” ပြောကြားသည်။ 

ပညာရေးဒီဂရီကောလိပ်များ ဖွင့်လှစ်ခြင်းဖြင့် အခြေခံပညာကျောင်းများတွင် လိုအပ်နေသော အရည်အသွေး ပြည့်ဝသော ဆရာ ဆရာမများအား ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ပြီး မကွေးပညာရေး ဒီဂရီကောလိပ်အနေဖြင့် ယနေ့အချိန်ထိ ကျောင်းအပ်နှံထားရှိသူ ကျောင်းသား ကျောင်းသူ ၁၄၈ ဦးအား သင်ကြားပို့ချသွားမည် ဖြစ်ကြောင်း သိရသည်။ 

ကိုစည်သူ(မကွေး)