မကွေး ၁၂ စက်တင်ဘာ
ကိုဗစ်-၁၉ ဒုတိယလှိုင်းကို ကာကွယ်နိုင်ရန် စက်တင်ဘာ ၁၄ ရက်နေ့မှစ၍ မကွေးတိုင်းအတွင်းရှိစားသောက်ဆိုင်များကို ဆိုင်ထိုင်စနစ်အစား ပါဆယ်စနစ်ဖြင့်သာ ရောင်းချခွင့်ပြု တော့မည်ဖြစ်ကြောင်း မကွေးတိုင်းစည်ပင်သာယာရေးအဖွဲ့ က သိရသည်။
စားသောက်ဆိုင်(အရက်၊ ဘီယာ စသည့် ယမကာဆိုင်များအပါအဝင်) နှင့် လက်ဖက်ရည်ဆိုင်များအား ပါဆယ် Take Away စနစ်ဖြင့် ရောင်းချရန် ခရိုင်၊ မြို့နယ်အဆင့်တာဝန်ရှိသူများကတစ်ဆင့် သက်ဆိုင်သူများထံ တရားဝင်အကြောင်းကြားမည်ဖြစ်သည်။
"ပြည်သူတွေအထိတ်တလန့်မဖြစ်အောင် ဒီနေ့ကစပြီး လူမှုကွန်ယက်တွေကနေ ကြိုအသိပေးထားပါတယ်။ ရောင်းဖို့ဝယ်ထားတဲ့ပစ္စည်းတွေ အလေအလွင့်မဖြစ်အောင် ကြိုအသိပေးရတာပါ။ ၁၄ ရက်နေ့ကစပြီး ပါဆယ်စနစ်ကို ကျင့်သုံးရတော့မှာပါ" ဟု မကွေးတိုင်းစည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးထင်အောင်က ပြောသည်။
သြဂုတ်လ ၁၆ ရက်နေ့က ရခိုင်ပြည်နယ်တွင် တွေ့ရှိခဲ့သည့် ကိုဗစ်-၁၉ ပြည်တွင်းကူးစက်မှုအချို့တွင် ဆိုင်ထိုင်စားသောက်ခြင်းမှ ကူးစက်ခံရသူများပါဝင်ခဲ့သဖြင့် ကိုဗစ်စည်းမျဉ်းများနှင့်အညီ စနစ်တကျရောင်းချရန် စားသောက်ဆိုင်များကို ညွှန်ကြားထားပြီးဖြစ်ကြောင်း၊ လတ်တလောတွင် ကပ်ရောဂါကူးစက်မှုနှုန်း မြန်ဆန်များပြားလာသဖြင့် ပါဆယ်စနစ် ကျင့်သုံးရခြင်းဖြစ်ကြောင်း တိုင်းအစိုးရအဖွဲ့ က သိရသည်။
မကွေးတိုင်းတွင် ကိုဗစ်ပထမလှိုင်းမှ ကာကွယ်ရန် မတ်လ ၂၇ ရက်နေ့မှ မေလ ၂၈ ရက်နေ့ထိ ၂လ ခန့်ကြာ ပါဆယ်စနစ် ကျင့်သုံးခဲ့ဖူးပြီး ယခုလုပ်ဆောင်မှုမှုမှာ ဒုတိယအကြိမ်ဖြစ်ကြောင်း မကွေးတိုင်းစည်ပင်က သိရသည်။
ဇေယျတု(မကွေး)


