မကွေး ၇ နိုဝင်ဘာ
ကုသရေးဦးစီးဌာန(နေပြည်တော်)က အောက်တိုဘာ ၂၆ ရက်နေ့တွင် မကွေးတိုင်းဆေးရုံကြီးကို ခုတင် ၂၀၀ မှ ခုတင် ၅၀၀ သို့ အဆင့်တိုးမြှင့် ဖွင့်လှစ်ခွင့်ပြုလိုက်ပြီး အဆိုပါခွင့်ပြုချက်ကြောင့် ကုသရေးပိုင်းတွင် ပိုမိုကောင်းမွန်လာတော့မည် ဖြစ်ကြောင်း မကွေးတိုင်းဆေးရုံ တာဝန်ရှိသူ၏ ပြောပြချက်အရ သိရသည်။
“ခုတင် ၅၀၀ အဆင့်မြင့်လိုက်တဲ့အကြောင်းက ဦးနှောက်နဲ့အာရုံကြော၊ ကျောက်ကပ်နဲ့ပတ်သက်တာ၊ ကင်ဆာ၊ ဓာတ်ရောင်ခြည် အဲဒီ့ကုသရေးလုပ်ငန်းတွေကို အဆင့်မြှင့်ပေးချင်တာပေါ့။ ဒီလုပ်ငန်းတွေ အတွက် ကျန်းမာရေးဝန်ကြီးဌာနက ကျွမ်းကျင်ပညာရှင်တွေ ခန့်ထားပေးရင် မကွေးမြို့ကြီးမှာ ပိုကောင်းလာမှာပေါ့။ ကင်ဆာကုတွေ၊ ဦးနှောက်နဲ့အာရုံကြော ခွဲစိတ်ကုတွေ ဒါမျိုးတွေကို မန္တလေး၊ ရန်ကုန်နဲ့ နေပြည်တော်ကို သွားစရာမလိုဘဲနဲ့ လုပ်နိုင်မှာပေါ့ ” ဟု မကွေးတိုင်း ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဝင်းဝင်းဌေး က ပြောသည်။
မကွေးတိုင်းပြည်သူ့ဆေးရုံကြီးဝင်းအတွင်း၌ ပြည်ထောင်စုဘတ်ဂျက်နှင့် တိုင်းဒေသကြီးအစိုးရရန်ပုံငွေ ပံ့ပိုးမှုများဖြင့် တည်ဆောက်ခဲ့သည့် ငါးထပ်တိုးချဲ့ဆောင်ကြီးနှင့် ဂျပန်နိုင်ငံ JICA မှ လှူဒါန်းသည့် အမေရိကန် ဒေါ်လာ ၁၂.၈ သန်းတန် သားဖွားမီးယပ်နှင့် မွေးကင်းစကလေး ကုသဆောင် (သုံးထပ်အဆောက်အဦ)မှာ တည်ဆောက်ပြီးစီးနေပြီဖြစ်ကြောင်း ကုသရေးဦးစီးဌာန က သိရသည်။
“ အခုက ခုတင် ၂၀၀ ရဲ့ဖွဲ့စည်းပုံအင်အား၊ လူ့စွမ်းအားအရင်းအမြစ်၊ မူရင်းငွေကြေးထောက်ပံ့မှု ရန်ပုံငွေ၊ ခုတင် ၂၀၀ ရဲ့ Medical Equipment Supply တွေနဲ့ လည်ပတ်နေတာပေါ့။ အခုက ဝန်ထမ်း ၅၀၀ ကျော်နဲ့လည်ပတ်တာ။ ခုတင် ၅၀၀ အဆင့်မြှင့်လိုက်တော့ ဝန်ထမ်းတွေလည်း တိုးလာမှာပေါ့။ ၉၀၀ ကျော်သွားမှာပေါ့။ ဘတ်ဂျက်စီမံခန့်ခွဲမှုအရလည်း ပြောင်းလဲတိုးတက်လာမှာပါ ” ဟု မကွေးတိုင်း ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဝင်းဝင်းဌေး က ပြောသည်။
မကွေးတိုင်း ပြည်သူ့ဆေးရုံကြီးမှာ ခုတင် ၂၀၀ ဆံ့ဆေးရုံဟု အမည်ပေါက်ခဲ့သော်လည်း ၁၉၆၄ ခုနှစ်မှစ၍ သက်တမ်း(၅၆)နှစ်ကြာသည့်တိုင် တိုင်းအတွင်း မြို့နယ်အသီးသီးမှ လူနာ(၅၀၀)ခန့်အား နေ့စဉ် ကျန်းမာရေး စောင့်ရှောက်မှုပေးရာ နေရာတစ်ခုဖြစ်ကြောင်း မှတ်တမ်းများအရ သိရသည်။
“မကွေးက ဆေးတက္ကသိုလ် နဲ့ ကုသရေး ရှိတဲ့တိုင်းဖြစ်တဲ့အတွက် သင်ကြားရေးဆရာဝန်ကြီးများ၊ ပါမောက္ခကြီးများ ရှိတဲ့အတွက် လူနာကိုထိတွေ့ကုသတဲ့နေရာမှာ အားသာချက်တွေ ရှိပါတယ်။ နေ့စဉ်နဲ့အမျှ တိုးတက်နေတဲ့ ဆေးပညာပြောင်းလဲမှုတွေနဲ့အတူ သင်ကြားနေရတဲ့အတွက် ဘွဲ့လွန်တက်နေတဲ့သူတွေအတွက်လည်း လူနာတွေကို လက်တွေ့ စမ်းသပ်ရတာ၊ စာတွေ့ကနေ တစ်ဆင့် လေ့လာရတာတွေက မကွေးတိုင်းဆေးရုံကြီးရဲ့ အားသာချက်ပါ ” ဟု ဆေးရုံအုပ်ကြီး ဒေါက်တာဝင်းဝင်းဌေး က ဆိုသည်။
မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို က “ ခုမြင်ရတာက ဂျပန်ပြည်သူတွေရဲ့ စေတနာနဲ့ ဆောက်လုပ်လှူဒါန်းထားတဲ့ မွေးကင်းစနဲ့ သားဖွား၊ မီးယပ်ဆေးရုံ အသစ်ပါ။ အနှစ်ငါးဆယ်ခန့် ကြာမြင့်ပြီဖြစ်တဲ့ လက်ရှိ တိုင်းဆေးရုံ အဟောင်း အစုတ်အပြတ်ကိုလဲ၊ ယခုဆေးရုံအသစ်လို ပြန်လည် တည်ဆောက်ပေးနိုင်ရန် ကြိုးစားလျက်ရှိပါကြောင်း ” ဟူသည့်စာနှင့် ဂျပန်ကလှူသည့် ဆေးရုံအသစ်ပုံတို့ကိုတွဲ၍ ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးတင်ခဲ့သည်။
ဇေယျတု(မကွေး)


