မကွေး ဇန်နဝါရီ ၁၂
မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် တိုင်းဒေသကြီး တရားစီရင်ရေးဆိုင်ရာ ကိစ္စရပ်များ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့တို့၏ တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားကို ဇန်နဝါရီ ၁၁ ရက် မွန်းလွဲ ၁ နာရီက မကွေးမြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ မကွေးလေတပ်စခန်းဌာနချုပ်မှူး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး တရားသူကြီးချုပ် ဦးစိန်ထွန်းနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။
ရှေးဦးစွာ ဝန်ကြီးချုပ် ဦးတင့်လွင်က အဖွင့်အမှာစကား ပြောကြားရာတွင် မိမိတို့တိုင်းဒေသကြီးအတွင်း အမှုများအား စစ်ဆေးစီရင်ဆောင်ရွက်ရာ၌ နှောင့်နှေးကြန့်ကြာမှုများ မရှိစေရေးအတွက် ညှိနှိုင်းဆောင်ရွက်ကြရမည်ဖြစ်ပြီး အမှုများအား ဥပဒေနည်းလမ်းများနှင့်အညီ မှန်မှန်နှင့် မြန်မြန် တရားစီရင်နိုင်ရေးအတွက် နည်းလမ်းများ ရှာဖွေကာ တက်ညီလက်ညီ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန် အကြံပြုကြလိုကြောင်း၊ တရားဥပဒေသည် လူ့ဘောင်လောက တရားမျှတမှုရှိပြီး ပြည်သူများ အေးချမ်းသာယာစွာ နေထိုင်နိုင်ရေးအတွက် ပြဌာန်းထားသော စည်းကမ်းများဖြစ်သဖြင့် အုပ်ချုပ်သူနှင့်ပြဌာန်းသူများပါ အပြန်အလှန် ထိန်းကျောင်းစောင့်ထိန်းခြင်း ဖြစ်သည်ဟု သိရှိရပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးအတွင်း စစ်ဆေးဆောင်ရွက်နေသည့် အမှုများအား အမြန်ပြီးပြတ်နိုင်ရေးအတွက် တရားစီရင်ရေး ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ ဖွဲ့စည်းပြီး (၂)ပတ်တစ်ကြိမ် ညှိနှိုင်းဆောင်ရွက်နေသည်ကိုလည်း သိရှိရပါကြောင်း၊ အမှုများစစ်ဆေးရာတွင် တရားခံရုံးရှေ့ ရောက်ရှိရန် လိုအပ်ပြီး သက်သေများ ရုံးရှေ့လာရောက်သည့် ကိစ္စတွင်လည်း ဌာနဆိုင်ရာသက်သေများ၊ ရဲတပ်ဖွဲ့ဝင် သက်သေများနှင့် ရုံးရှေ့ခေါ်ယူ၍ မရသော ရပ်ဝေးရောက်ရှိနေသည့် သက်သေများ စသည့် အခက်အခဲများကို သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်းများကလည်း ပေါင်းစပ်ညှိနှိုင်း၍ ပူးပေါင်း ဆောင်ရွက်ပေးကြစေလိုကြောင်း၊ တိုင်းဒေသကြီး တရားလွှတ်တော်အနေဖြင့်လည်း မိမိတို့ တိုင်းဒေသကြီးအတွင်းရှိ တရားရုံးများ၏ အမှုပြီးပြတ်မှုအခြေအနေကို မျက်ခြည်မပြတ် ကြည့်ရှုကာ သတိပေးလမ်းညွှန်ခြင်းများ ပြုလုပ်ပေးရန် လိုအပ်မည်ဖြစ်ကြောင်းနှင့် နိုင်ငံတော်မှ ချမှတ်ထားသော မူဝါဒများနှင့်အညီ အမှုများ မှန်မှန်နှင့်မြန်မြန် တရားစီရင်ဆုံးဖြတ်နိုင်ရေးအတွက် သမရိုးကျနည်းလမ်းဟောင်းများဖြင့် ဆောင်ရွက်နေမည့်အစား တည်ဆဲဥပဒေ ညွှန်ကြားချက်များနှင့်အညီ တာဝန်ရှိသူများအားလုံး တက်ညီလက်ညီ ပူးပေါင်းပါဝင် ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်လင်း၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဦးစိန်ထွန်း၊ တိုင်းဒေသကြီး ဥပဒေချုပ် ဦးဝင်းမြင့်၊ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီးသူရသွင်ကိုကို တို့က တရားစီရင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ပြီးနောက် တိုင်းဒေသကြီး တရားစီရင်ရေးဆိုင်ရာ ကိစ္စရပ်များ ပေါင်းစပ်ညှိနှိုင်းရေး အဖွဲ့ခေါင်းဆောင် တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူး ဦးဝင်းရှိန်က တိုင်းဒေသကြီး တရားစီရင်ရေးဆိုင်ရာများအား ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
ထို့နောက် တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးများဖြစ်ကြသည့် ဦးမြင့်သိန်း၊ ဒေါ်မိမိမော်၊ တိုင်းဒေသကြီးတရားရေးဦးစီးမှူး ဦးသောင်းထွေး၊ တိုင်းဒေသကြီး ဥပဒေအရာရှိ ဦးဝင်းနိုင်တို့က တရားစီးရင်ရေးဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေးတင်ပြခဲ့ပြီး တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး အောင်စိုး၊ ခရိုင်တရားသူကြီးများနှင့် ခရိုင်ဥပဒေအရာရှိများမှ တရားစီရင်ရေးဆိုင်ရာ ကိစ္စရပ်များအား အသီးသီးဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ကိုစည်သူ(မကွေး)


