နေပြည်တော် ဒီဇင်ဘာ ၂၁
အလုပ်သမားရေးရာဥပဒေများ အသိပညာပေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် မကွေး တိုင်းဒေသကြီး မကွေးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်၊ အလုပ်သမားဝန်ကြီးဌာန ဒုတိယ ဝန်ကြီးဦးဝင်းရှိန်နှင့် တိုင်းဒေသကြီး အလုပ်သမားရေးရာ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာ တာဝန်ခံများ၊ သင်တန်းသားများ တက်ရောက်ကြသည်။
အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ကအမှာစကားပြော ကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးက မကွေးတိုင်းဒေသကြီးအတွင်း ဂဟေဆက်အလုပ်အကိုင်၊ မြေတူးစက်မောင်း အလုပ်အကိုင်၊ မော်တော်ယာဉ်စက်ပြင် အလုပ်အကိုင်များအတွက် (National Skills Standards Authority-NSSA) အသိအမှတ်ပြု ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ၂၀၁၄ ခုနှစ်မှ ယနေ့အထိ ဖြေဆိုသူ (၇၅၂) ဦးကို စစ်ဆေးအကဲဖြတ်၍ အရည်အသွေးပြည့်မီသူ (၆၃၄) ဦးကို အသိအမှတ်ပြုပေးနိုင်ခဲ့ကြောင်း၊ ဟိုတယ်အလုပ်အကိုင်ဆိုင်ရာ NSSA အသိအမှတ်ပြုဟိုတယ် တစ်ခုသာရှိသေး၍ ရန်ကုန်၊ မန္တလေးနှင့် ပုဂံမြို့များတွင် ကျွမ်းကျင်မှုစစ်ဆေး အကဲဖြတ်ရေးဌာနများကို တိုးချဲ့တည်ထောင်နိုင်ရေး ဟိုတယ်လုပ်ငန်းရှင်များမှ ပူးပေါင်းဆောင်ရွက်ပေးစေလိုကြောင်း၊ ဟိုတယ်နှင့် ခရီးသွား ဝန်ဆောင်မှုလုပ်ငန်းမှ ကျွမ်းကျင်ပညာရှင်များ Chief Assessor၊ Assessor များ၊ NSSA အသိအမှတ်ပြု သင်တန်းကျောင်းများအနေဖြင့် စွမ်းဆောင်ရည်မြင့်မားရမည်ဖြစ်ပြီး NSSA အသိအမှတ်ပြုဟိုတယ်များ များပြားလာသည်နှင့်အမျှ ခရီးသွားလုပ်ငန်းအတွက် ထိရောက်သည့် စွမ်းဆောင်မှုပေးနိုင်မည်ဖြစ်ကြောင်း။
မကွေးတိုင်းဒေသကြီး မင်းဘူးမြို့တွင် ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းကျောင်း တည်ဆောက်ပြီးပါက MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနိုင်ရန် ဝန်ကြီးဌာနမှ ဘဏ္ဍာရေးနှစ်အလိုက် စီမံချက်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ရာ တိုင်းဒေသကြီးအစိုးရအနေဖြင့် လိုအပ်သည့်ပံ့ပိုးမှုများ ကူညီပေး စေလိုကြောင်း။
ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာန၊ အဖွဲ့များအနေဖြင့် အလုပ်သမားရေးရာကိစ္စရပ်များကို သက်ဆိုင်ရာ အလုပ်သမားဥပဒေများဖြင့် စည်းကြပ်ဆောင်ရွက်ပေးလျက်ရှိရာ ထိုင်းနိုင်ငံသို့ ထွက်ခွာမည့် မြန်မာနိုင်ငံသား လုပ်သားများအနေဖြင့် MoU စနစ်ဖြင့် ထွက်ခွာရန်၊ တရားဝင်လမ်းကြောင်းမှ တစ်ဆင့် ဥပဒေနှင့်အညီ ရွှေ့ပြောင်းသွားလာလုပ်ကိုင်ရန်နှင့် ဝန်ကြီးဌာန၏ Website ဖြစ်သည့် www.mol.gov.mmသို့ ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း၊ အလုပ်အကိုင်အလိုက် ကျွမ်းကျင်လုပ်သားများ ပိုမိုမွေးထုတ်ပေးနိုင်ရေး ဆက်စပ်ဝန်ကြီး ဌာနများ၊ အဖွဲ့အစည်းများ၊ ကျွမ်းကျင်ပညာရှင်များ၊ အလုပ်ရှင်များ၊ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့ အစည်းများနှင့် လူမှုအဖွဲ့အစည်းများ၏ အလေးထားဆောင်ရွက်ပေးနေမှုများကို တက်ရောက်လာသူများက ကောင်းစွာနားလည်သဘောပေါက်ပြီး ဆင့်ပွားသတင်းဖြန့် ပူးပေါင်း ကူညီဆောင်ရွက်ပေးရန် ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်