မင်းဘူး ၂၇ ဇွန်
မကွေးတိုင်းဒေသကြီး၊ မင်းဘူး (စကု) မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ရပ်ကွက်နေပြည်သူများ သောက်သုံးရေ ဖူလုံစွာသုံးစွဲနိုင်ရန်နှင့် သောက်သုံးရေများ ဖြန့်ဝေပေးရာတွင် ရေလေလွင့်ဆုံးရှုံးမှု မဖြစ်စေရေးအတွက် ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်၊ ဌာနခွင့်ပြုရန်ပုံငွေဖြင့် မင်းဘူးမြို့၊ နဂါးပွက်တောင်လမ်း မြို့ရေပေးရေး ပိုက်လိုင်းအရှည်ပေ ၁၂၀ဝ နှင့် စက္ကိန်းတဲလမ်း ရေပေးရေးပိုက်လိုင်း အရှည်ပေ ၁၆၀ဝ အား ၆ လက်မ PVC ပိုက်အမျိုးအစားဖြင့် အစားထိုးလဲလှယ် ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း မင်းဘူး(စကု)မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးဝင်းနိုင်ထံမှ သိရသည်။
PVC ပိုက်အမျိုးအစားဖြင့် အစားထိုးလဲလှယ် ပြုပြင်ခြင်းလုပ်ငန်းကို ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်၊ ဌာနခွင့်ပြုရန်ပုံငွေ ၁၆၃၅၂၀ဝ ကျပ်ဖြင့် မင်းဘူး (စကု) မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ခံအင်ဂျင်နီယာ ဦးကျော်ဇေလတ်မှ ဦးဆောင်၍ ၂၀၁၉ ခုနှစ်၊ မေလ ၂၄ ရက်နေ့တွင် လုပ်ငန်းစတင် ဆောင်ရွက်ခဲ့ကြောင်း ယခုအခါ ရေပိုက်လိုင်း အစားထိုးလဲလှယ် ပြုပြင်ခြင်းလုပ်ငန်းများမှာ မကြာမီလုပ်ငန်းပြီးစီးတော့မည် ဖြစ်ကြောင်း သိရသည်။
ယခင်က ရပ်ကွက်နေပြည်သူများထံ ဖြန့်ဝေပေးနေသည့် ရေပိုက်လိုင်းမှာ သံပိုက်လိုင်းများဖြစ်ပြီး ယခုအခါ နှစ်ကာလ ကြာမြင့်လာမှုကြောင့် ဆွေးမြေ့ကာ အချို့နေရာများတွင် ရေပိုက်လိုင်းများ ပေါက်နေသဖြင့် မြို့ပေါ်ရပ်ကွက်များသို့ ရေဖြန့်ဝေပေးရာ၌ အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့နေရကြောင်း သိရသည်။ ယခုနှစ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဆွေးမြေ့နေသည့် ရေပိုက်လိုင်းနေရာများတွင် PVC ပိုက်အမျိုးအစားဖြင့် အစားထိုးလဲလှယ် ဆောင်ရွက်ပေးလျက်ရှိပြီး ယင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက မြို့ပေါ်ရပ်ကွက်နေပြည်သူများ သောက်သုံးရေဖူလုံစွာ ဖြန့်ဝေဆောင်ရွက်ပေးသွားနိုင်မည်ဖြစ်ကြောင်း သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)


