နေပြည်တော်  ၂၆  နိုဝင်ဘာ

နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနအနေဖြင့် မကွေးတိုင်းဒေသကြီး  သရက်မြို့ရှိ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း ကျောင်းသားနှစ်ထပ်အိပ်ဆောင်၊ အုပ်ချုပ်မှုရုံး၊ ကျောင်းသားနှစ်ထပ်စားရိပ်သာ၊ (၂)ထပ်ခန်းမဆောင်၊ ဝန်ထမ်းအိမ်ရာ၊ ရေချိုးခန်း/သန့်စင်ခန်းနှင့် စာကြည့်တိုက် တည်ဆောက်ပြီးစီးခဲ့မှုများအား ပခုက္ကူခရိုင် ဦးစီးမှူးနှင့် တာဝန်ရှိသူများသည် ယနေ့နံနက် ၁၀ နာရီခွဲတွင်  သွားရောက် ကြည့်ရှုစစ်ဆေး၍ ကိုဗစ်-၁၉ ကာလအလွန် အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ် ချိန်တွင် သရက်ခရိုင်အတွင်းမှ  သတ်မှတ်အရည်အချင်းနှင့် ကိုက်ညီသော ပဉ္စမတန်း (Grade -6) နှင့် ဆဌမတန်း (Grade -7) ကျောင်းသား၊ ကျောင်းသူများအား စတင်လက်ခံပြီး ပြုစုပျိုးထောင်လေ့ကျင့်ပေး နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိကြောင်း သိရသည်။

ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနအနေဖြင့် နယ်စပ်ဒေသအသီးသီးရှိ တိုင်းရင်းသားလူငယ်များ အကြောင်း အမျိုးမျိုးကြောင့် အခြေခံပညာ မသင်ကြားရခြင်းများ မရှိစေရေးအတွက် သက်ဆိုင်ရာဒေသများသို့ တာဝန်ရှိသူများ ကွင်းဆင်းလျက် တိုင်းရင်းသားလူငယ်များအား မိဘမဲ့၊ မိမဲ့၊ ဘမဲ့၊ ဆင်းရဲနွမ်းပါး  ဦးစားပေး အစီအစဉ်ဖြင့် စုစည်းရွေးချယ်ပြီး အခြေခံပညာရပ်များသင်ကြားစေ၍ ကျောင်းပြီးသွားပါက မိမိဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ၌ ပြန်လည်ဆောင်ရွက်ကြမည့် မျိုးဆက်သစ်လူငယ်များ လေ့ကျင့်မွေးထုတ်ပေးလျက်ရှိရာ  ၁၉၉၉-၂၀၀၀ ပညာသင်နှစ်မှစ၍  ယနေ့ထိ  တိုင်းဒေသကြီး/ပြည်နယ်များတွင် သင်တန်းကျောင်း (၄၅)ကျောင်း ဖွင့်လှစ်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူ (၆၇၀၀၉)ဦး ပြုစုပျိုးထောင်လေ့ကျင့်ပေးခဲ့ပြီး ဖြစ်သည်။

နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းများမှ တက္ကသိုလ်ဝင်တန်း ဖြေဆိုအောင်မြင် ပြီးသူ ကျောင်းသား၊ ကျောင်းသူ (၃၁၆၃) ဦးတို့အား တက္ကသိုလ်၊ ဒီဂရီကောလိပ်များသို့ ဆက်လက် တက်ရောက်စေခဲ့ပြီး ဘွဲ့၊ ဒီဂရီရရှိပြီးသည့်  (၁၃၂၁) ဦးတို့ကို  အလုပ်တာဝန်ခန့်အပ်ပေးခဲ့ပြီး ပြင်ပစီးပွားရေး လုပ်ကိုင်သူ(၁၉၈)ဦးနှင့် ကျောင်းတက်ရောက်ဆဲ (၁၆၄၄) ဦး ရှိသည်။

နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း (၄၅)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအား ပညာရေးအခြေခံမူဝါဒများဖြစ်သည့် မည်သည့်ခွဲခြားမှု မျှမရှိစေရေး၊ မည်သူတစ်ဦး တစ်ယောက်မှ မကျန်ရှိစေရေးနှင့် ကျောင်းထွက်သူမရှိစေရေး စသည့် မူဝါဒများကို  ပံ့ပိုးကူညီဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

သတင်းစဉ်