ဂန့်ဂေါ ၁၇ ဩဂုတ်
မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုသည် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော်၊ ဂန့်ဂေါမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်အေးတို့နှင့်အတူ ယမန်နေ့နံနက်ပိုင်းက ဂန့်ဂေါမြို့နယ် ကျေးရွာ(၃)ရွာအတွက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းရန်ပုံငွေ ပေးအပ်သည်။
ထိုသို့ပေးအပ်ရာတွင် ချောင်းနက်ကျေးရွာ အဝင်လမ်းပေါ်တွင် ကျောက်စီရေပြွန် Box Culvert (၁)စင်း တည်ဆောက်ခြင်းလုပ်ငန်းအတွက် ငွေကျပ် (၃၆)သိန်း၊ မောလယ်ကျေးရွာတွင် ချောင်းသဲကြမ်းခင်းခြင်းလုပ်ငန်းအတွက် ငွေကျပ်(၅၄)သိန်း၊ ဖက်ဝန်းကျေးရွာတွင် ဘုန်းတော်ကြီးကျောင်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းအတွက် ငွေကျပ်သိန်း(၆၀)တို့ကို ကျေးရွာမှ တာဝန်ရှိသူများထံ ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။
ထင်အောင်နိုင်(ဂန့်ဂေါ)
