မြို့သစ် စက်တင်ဘာ ၄
မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်သည် မြို့သစ်မြို့နယ် ဝါစိုက်ပျိုးထုတ်လုပ်သည့် တောင်သူများအား စက်တင်ဘာ ၃ ရက် မွန်းလွဲ ၂ နာရီက မြို့သစ်မြို့နယ်၊ မြေပြင်သာကျေးရွာအုပ်စု တောင်သူ ဦးမြင့်စိုး၏ မိုးနှောင်းချည်မျှင်ရှည်ဝါမျိုး ယှဉ်ပြိုင်စမ်းသပ်ကွက်တွင် တွေ့ဆုံသည်။
ဦးစွာ မြို့သစ်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးက စိုက်ပျိုးရေးဆိုင်ရာ အချက်အလက်များနှင့် မိုးသီးနှံစိုက်ပျိုးထုတ်လုပ်မှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပြီး ဝန်ကြီးချုပ်က မြန်မာနိုင်ငံအနေဖြင့် စိုက်ပျိုးရေးကိုအခြေခံ၍ စျေးကွက်စီးပွားရေးစနစ်ကို ဖော်ဆောင်နေသည့် နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း၊ နိုင်ငံ၏လူဦးရေအများစုမှာ ကျေးလက်နေပြည်သူများဖြစ်ပြီး စိုက်ပျိုးရေးကို အဓိကထား လုပ်ကိုင်ဆောင်ရွက်ကြရာ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်သလို ကျေးလက်နေပြည်သူများ၏ ဘ၀ဖွံ့ဖြိုးတိုးတက်ရေးမှာ စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ အောင်မြင်ဖြစ်ထွန်းရန် အဓိကလိုအပ်ကြောင်း၊ စိုက်ပျိုးရေး အောင်မြင်ဖြစ်ထွန်းရန်အတွက် စိုက်ကွက်မြေပြုပြင်ခြင်းများ ဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် ဒေသခံတောင်သူများက မိမိတို့ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြခဲ့ရာ တင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆက်စပ်ဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး နေကြာစိုက်ပျိုးမည့် တောင်သူများအား ဆင်းရွှေကြာ(၂) နေကြာမျိုးများ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
သန်းဝင်းထွန်း(ပြန်ဆက်)