မင်းဘူး ဇွန် ၅
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး - စလင်း - တညောင် - ဆိပ်ဖြူလမ်းပိုင်းရှိ မင်းဘူးမြို့၏ အဓိကမိန်းလမ်းမကြီးအား နိုင်လွန်ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင့်နှင့်အတူ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိများသည် ဇွန် ၄ ရက် နံနက်ပိုင်းက သွားရောက်ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဦးစွာ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင့်နှင့် တာဝန်ရှိသူများသည် မင်းဘူးမြို့ နိုင်လွန်ကတ္တရာလမ်းခင်းခြင်း လုပ်ငန်းခွင်သို့ရောက်ရှိပြီး ရှင်းလင်းဆောင်၌ လမ်းဦးစီးဌာန၊ လမ်းအထူးအဖွဲ့(၁၁)မှ ဒုတိယညွှန်ကြားရေးမှူး(မြို့ပြ) ဦးကြည်ပိုမှ မင်းဘူး - စလင်း - တညောင် - ဆိပ်ဖြူ လမ်းပိုင်း၌ အများပြည်သူ အသုံးပြုလျက်ရှိသော မင်းဘူးမြို့ရှိ အဓိကမိန်းလမ်းမကြီးကို ပြည်သူများ သွားလာရေး လွယ်ကူချောမွေ့ အဆင်ပြေစေရန် ယခင်ကတ္တရာလမ်းပိုင်းအား နိုင်လွန်ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လမ်းတိုးချဲ့ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာ၌ လမ်းနယ်နိမိတ်နှင့် မလွတ်ကင်းသော လျှပ်စစ်မီးတိုင်များ၊ ဆက်သွယ်ရေးတိုင်များ၊ မြို့ရေပေးဝေရေး ရေပိုက်လိုင်းများကို အချိန်မီရွှေ့ပြောင်းပေးနိုင်ရေး၊ လမ်းအရည်အသွေး ကြံ့ခိုင်ကောင်းမွန်ရေးနှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေးကို အလေးထားဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက နိုင်လွန်ကတ္တရာလမ်းခင်းခြင်းလုပ်ငန်း ပြင်ဆင်ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
မင်းဘူး - စလင်း - တညောင် - ဆိပ်ဖြူလမ်းပိုင်း၌ မင်းဘူးမြို့ဧရိယာရှိ (အဓိကလမ်း) မူလ ကတ္တရာလမ်းအရှည် ၁ မိုင် ၁ ဖာလုံအား ပေ ၃၀ အကျယ်မှ ၄၈ ပေ အကျယ်တိုးချဲ့၍ နိုင်လွန်ကတ္တရာလမ်း ခင်းခြင်းလုပ်ငန်းကို ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာန၊ လမ်းအထူးအဖွဲ့(၁၁)မှ ပြည်ထောင်စုအစိုးရ ငွေလုံးငွေရင်း ဘဏ္ဍာရန်ပုံငွေမှ ခွင့်ပြုလျာထားငွေ ၁၈၄၂ ဒသမ ၂၁ ကျပ်သန်းဖြင့် လမ်းအရှည် ၄ ဖာလုံ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဘဏ္ဍာရန်ပုံငွေမှ ခွင့်ပြုလျာထားငွေ ၂၄၂၀ ကျပ်သန်းဖြင့် လမ်းအရှည် ၅ ဖာလုံတို့ကို ဆောင်ရွက်သွားမည့်အပြင် အုတ်စီရေနုတ်မြောင်းနှင့် Box Culvert သုံးစင်း တိုးချဲ့ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း လမ်းဦးစီးဌာန၊ လမ်းအထူးအဖွဲ့(၁၁)မှ ဒုတိယညွှန်ကြားရေးမှူး(မြို့ပြ) ဦးကြည်ပိုထံမှ သိရသည်။
အဆိုပါ နိုင်လွန်ကတ္တရာလမ်း ခင်းခြင်းလုပ်ငန်းဆောင်ရွက်ရာတွင် မင်းဘူးမြို့ အမှတ်(၁)ရပ်ကွက်အနီးရှိ တုတ်ချောင်းတံတားမှ မြောက်လှည်းကောက် အဝိုင်းအပတ်အကျော်အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယခုလက်ရှိတွင် မင်းဘူးမြို့ အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်းရှေ့မှ သာသနာ့ဗိမာန်အထိ လမ်းအရှည်ပေ ၇၀၀ ကို ဦးစွာဆောင်ရွက်လျက်ရှိပြီး နိုင်လွန်ကတ္တရာလမ်း ခင်းခြင်းလုပ်ငန်း (လမ်းအရှည် ၁ မိုင် ၁ ဖာလုံ)ကို ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း အပြီးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)