မကွေး မတ် ၇
မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်သည် မတ် ၆ ရက် နံနက်ပိုင်းက မကွေးမြို့နယ် ဘုရားပြိုကျေးရွာအုပ်စုရှိ ဒေသခံပြည်သူများအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မကွေးမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းဆောင်ရွက်ပေးနေမှုနှင့် မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးနေမှုအား ကြည့်ရှုစစ်ဆေးခဲ့သည်။
ဦးစွာ ဝန်ကြီးချုပ်သည် ဘုရားပြိုကျေးရွာအုပ်စုရှိ ဒေသခံပြည်သူများအား ဓမ္မာရုံခန်းမ၌ တွေ့ဆုံ၍ အမှာစကားပြောကြားရာတွင် မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့်အပြင် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါသည် မိမိတို့နိုင်ငံသာမက တစ်ကမ္ဘာလုံးရင်ဆိုင်နေရသော ရောဂါဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံထားရန် လိုအပ်သောကြောင့် တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများအားလုံး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးစီးရေးအတွက် အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ပြည်သူများအနေဖြင့်လည်း ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်စေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူး ဦးစိုးပိုင်မြင့်က ပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းဆောင်ရွက်ပေးနေမှု အခြေအနေများနှင့် နိုင်ငံသားစိစစ်ရေးကတ်များ ကိုင်ဆောင်ခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများအား ရှင်းလင်းပြောကြားခဲ့ပြီးနောက် ဘုရားပြိုကျေးရွာအုပ်စုရှိ ဒေသခံ ပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပြီးစီးခဲ့သော နိုင်ငံသားစိစစ်ရေးကတ်များအား ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများက ဒေသခံပြည်သူများ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့နောက် ဝန်ကြီးချုပ်သည် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မကွေးမြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းဆောင်ရွက်ပေးနေမှုနှင့် မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးနေမှုအား ကြည့်ရှုအားပေးခဲ့ပြီး ဒေသခံပြည်သူများအား အချိုရည်ဘူးများ လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါ ဘုရားပြိုကျေးရွာရှိ ဒေသခံပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ရာ အသက်(၁၀)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ် (၅၉)ဦးနှင့် အသက် (၁၈) နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ် လူဦးရေ (၇၀) စုစုပေါင်း (၁၂၉)ဦးအား နေ့ချင်းပြီး နိုင်ငံသားစိစစ်ရေးကတ် ဆောင်ရွက်ပေးနိုင်ခဲ့သည့်အပြင် အိမ်ထောင်စုမွေးတိုးစာရင်းအနေဖြင့် လူဦးရေ (၈၀) ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးမှုအနေဖြင့် ဘုရားပြိုကျေးရွာအုပ်စုတွင် ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသည့် ဒေသခံပြည်သူ (၅၃၇)ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနိုင်ခဲ့ကြောင်း သိရသည်။
အလားတူ မကွေးခရိုင်နှင့် ခရိုင်အတွင်းရှိ မြို့နယ်များတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများအား မတ်လကုန်တွင် ရာနှုန်းပြည့်ဆေးထိုးနှံပေးနိုင်ရေး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများအား အဖွဲ့များဖွဲ့စည်း၍ ကျေးရွာအရောက် ကွင်းဆင်းဆေးထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုမှတစ်ဆင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်သည် မကွေးမြို့နယ် ဂွေးတောက်စမ်းကျေးရွာရှိ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် PC Myanmar တို့မှ ပူးပေါင်းဆောင်ရွက်သည့် နှမ်းကုန်ချောထုတ်စက်ရုံသို့ ရောက်ရှိခဲ့ပြီး နှမ်းကုန်ချောထုတ်လုပ်နေမှုအား ကြည့်ရှုစစ်ဆေးရာ စက်ရုံတာဝန်ခံ မန်နေဂျာ ဦးအောင်ချမ်းသာက နှမ်းကုန်ချောထုတ်စက်ရုံအား တိုင်းဒေသကြီးအတွင်းရှိ ကျေးရွာ(၃၀)မှ တောင်သူဦးရေ(၆၀၀)၏ နှမ်းစိုက်ဧက (၁၅၀၀)ဖြင့် လည်ပတ်လျက်ရှိပါကြောင်း၊ မိမိတို့စက်ရုံအနေဖြင့် တစ်နေ့လျှင် နှမ်းတင်းရေ တင်း (၃၀၀) အား နှမ်းအရောင်ခွဲခြင်းနှင့် သန့်စင်မှုအား ဆောင်ရွက်နိုင်သည့်အပြင် နှမ်းဆီကြိတ်စက်အနေဖြင့်လည်း နှမ်း(၁)တင်းလျှင် ဆီ(၇)ပိဿာခွဲ ထွက်ရှိပါကြောင်းနှင့် လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းများအား ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ လုပ်ငန်းများဆောင်ရွက်ရာတွင် သတ်မှတ်ထားသည့် လုပ်ထုံးလုပ်နည်းများ၊ စဉ်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်ရေး၊ တောင်သူများအတွက် အမှန်တစ်ကယ် အကျိုးအမြတ်ရရှိသည့် လုပ်ငန်းများဖြစ်သည့်အတွက် တိုင်းဒေသကြီးအတွင်း အလားတူစက်ရုံများ ပေါ်ပေါက်လာရေးအတွက် ကြိုးပမ်းဆောင်ရွက်ရေးနှင့် လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ကိုစည်သူ(မကွေး)


