ပွင့်ဖြူ ဇွန် ၄
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး/ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါ၍ ဇွန် ၄ ရက် နံနက် ၉ နာရီက ပွင့်ဖြူမြို့နယ်အတွင်း နွေနှမ်း ဘောင်ကြီးတင်စိုက်ပျိုးနည်းစနစ် စံပြကွက်စိုက်ခင်း စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းမှု အခြေအနေနှင့် စိုက်ပျိုးရေးဦးစီးဌာန(မျိုးသန့်ခြံ)၌ နွေနှမ်း(FS - RS) ဆင်းရတနာ(၄) မျိုးစေ့ထုတ်စိုက်ခင်း စိုက်ပျိုးဆောင်ရွက်ထားရှိမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး ဆီထွက်သီးနှံစိုက်ပျိုးစွမ်းအား တိုးတက်မြင့်မားရေးအတွက် လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ဦးစွာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းသိန်း၊ လူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်နှင့် တိုင်းဒေသကြီး/ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ပွင့်ဖြူမြို့နယ် သရက်အုပ်ကျေးရွာ တောင်သူ ဦးတင်မင်း၏ ကွင်းအမှတ်(၉၀၅) စိုက်ပျိုးလယ်မြေတွင် ဆီထွက်သီးနှံစိုက်ပျိုးစွမ်းအား တိုးတက်မြင့်မားရေးအတွက် တောင်သူပညာပေး စိုက်ပျိုးဆောင်ရွက်ထားရှိသော နွေနှမ်း ဘောင်ကြီးတင်စိုက်ပျိုးနည်းစနစ် စံပြကွက်စိုက်ခင်း အောင်မြင်ဖြစ်ထွန်းနေမှုအား ကြည့်ရှုစစ်ဆေးပြီး ဒေသခံတောင်သူများကို တွေ့ဆုံကာ နိုင်ငံတော်အတွက် လိုအပ်သော စားသုံးဆီရိက္ခာ ဖူလုံပိုလျှံ စေရေးနှင့် တောင်သူသီးနှံဝင်ငွေ တိုးပွားရေးအတွက် မိရိုးဖလာ စိုက်ပျိုးနည်းအစား ဘောင်ကြီးတင်စနစ် ပြောင်းလဲစိုက်ပျိုးကြရန် လိုအပ်ကြောင်း၊ ဘောင်ကြီးတင်စနစ်ဖြင့် စိုက်ပျိုးခြင်းသည် မိုးသည်းထန်စွာ ရွာသွန်းပါက ရေထုတ်နုတ်ရန် လွယ်ကူ၍ မိုးရွာသွန်းမှု နည်းပါသည့်အခါတွင်လည်း ရေသွင်းရန် လွယ်ကူသည့်အပြင် အပင်ပြုစုစောင့်ရှောက်ရန် ကောင်းမွန်မှုတို့ကြောင့် ပန်းတိုင်အထွက်နှုန်းကို သိသိသာသာ တိုးတက်မှုရရှိစေမည်ဖြစ်ကြောင်း၊ ထိုသို့ စိုက်ပျိုးရာ၌ မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သဘာဝစိုက်ပျိုးရေး သွင်းအားစုပစ္စည်းများကို ကိုယ်တိုင်ပြုလုပ်သုံးစွဲနိုင်အောင် ကြိုးပမ်းလုပ်ဆောင် ကြဖို့လိုကြောင်း၊ တောင်သူသီးနှံဝင်ငွေ အကျိုးအမြတ် များစွာရရှိနိုင်သော ဘောင်ကြီးတင်စနစ် စိုက်ပျိုးခြင်းကို တောင်သူများ တိုးချဲ့စိုက်ပျိုးကြရန်နှင့် လိုအပ်သည် စိုက်ပျိုးရေးဆိုင်ရာများကို သက်ဆိုင်ရာ စပ်ဆက်ဌာနများနှင့် ချိတ်ဆက်ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားသည်။
ဆက်လက်၍ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများအဖွဲ့သည် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန(မျိုးသန့်ခြံ)သို့ ရောက်ရှိပြီး မျိုးသန့်ခြံ စိုက်ပျိုးလယ်မြေတွင် နွေနှမ်း(FS - RS) ဆင်းရတနာ(၄) မျိုးစေ့ထုတ်စိုက်ခင်း(၁)ဧက စိုက်ပျိုးဆောင်ရွက်ထားရှိမှုအား ကြည့်ရှုစစ်ဆေး၍ မျိုးသန့်ခြံ(တာဝန်ခံ)နှင့် ဝန်ထမ်းများ၊ ဒေသခံတောင်သူများကို တွေ့ဆုံကာ ဆီထွက်သီးနှံ နှမ်းစိုက်ပျိုးရာ၌ တစ်ဧက ပန်းတိုင်အထွက်နှုန်းများ ရရှိရေးအတွက် မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးရန်၊ စိုက်နည်းစနစ်များ မှန်ကန်အောင် စိုက်ပျိုးကြရန်နှင့် သီးနှံလျာထားဧကများ ပြည့်မီအောင် ကြိုးပမ်းစိုက်ပျိုးကြရန် လမ်းညွှန်မှာကြားပြီး ဒေသခံတောင်သူများ၏ တင်ပြဆွေးနွေးမှုများအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)