နတ်မောက်     စက်တင်ဘာ     ၃

 

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် မိုးစပါးစိုက်ပျိုးထုတ်လုပ်သည့် တောင်သူများ တွေ့ဆုံပွဲကို စက်တင်ဘာ ၃ ရက် နံနက်ပိုင်းက ပ/လက်ခုပ်ပင်ကျေးရွာအုပ်စု စရံအိုင့်ကျေးရွာ ကွင်းအမှတ်(၈၃၅) ယာယီခန်းမဆောင်တွင် ကျင်းပခဲ့သည်။

 

အခမ်းအနားတွင် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်အား နတ်မောက်မြို့နယ်၏ စိုက်ပျိုးရေးဆိုင်ရာ အချက်အလက်များနှင့် မိုးစပါးစိုက်ပျိုး ထုတ်လုပ်မှုအခြေအနေများကို မြို့နယ်စိုက်ပျိုးရေးဦးစီဌာန ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ချိုက ရှင်းလင်းတင်ပြပြီး စိုက်ပျိုးရေးဦးစီးဌာန တိုင်းဦးစီးမှူးက ဆန်အရည်အသွေးကောင်းမွန်ပြီး အထွက်နှုန်းကောင်းသည့် စပါးမျိုးများ စိုက်ပျိုးနိုင်ရေး ဆွေးနွေးပြောကြားသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က “ကျေးလက်​နေပြည်သူများ၏ ဘ၀ဖွံ့ဖြိုး တိုးတက်ရေးမှာ စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ အောင်မြင် ဖြစ်ထွန်းရန် အဓိကလိုအပ်ကြောင်း” အမှာစကားပြောကြားသည်။

 

ယင်းနောက် တက်ရောက်လာသည့် ဒေသခံတောင်သူများမက ဆွေးနွေးတင်ပြကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဆက်စပ်ဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးပြီး နေကြာစိုက်ပျိုးမည့် တောင်သူ ၅၀ အား ရေစင်း(၁) ဆပ်မျိုးနေကြာအား တစ်ဧက (၁)အိတ်နှုန်း ထောက်ပံ့ပေးသည်။ ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စိုက်ပျိုးထားသည့် မိုးစပါး RS – CS မျိုးစေ့ထုတ် ဧက ၅၀ စံကွက်များအား လိုက်လံကြည့်ရှုစစ်ဆေးသည်။

 

ထို့နောက် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နတ်မောက်မြို့နယ်  ရွာမွန်ကျေးရွာအုပ်စု ရွာမွန်ကျေးရွာတွင် ၂၀၂၂-၂၀၂၃ ခုနှစ် ချည်မျှင်ရှည်ဝါ တိုးတက်ထုတ်လုပ်ရေးစီမံကိန်း ချည်မျှင်ရှည်ဝါ ဧက ၅၀ မျိုးစေ့ထုတ်ဇုန် ရွှေတောင်(၁၀) စိုက်ခင်းအား ကြည့်ရှုစစ်ဆေးပြီး နေကြာစိုက်ပျိးမည့် တောင်သူများအား ဆင်းရွှေကြာ(၂) နေကြာမျိုးများ ထောက်ပံ့ပေးအပ်ကာ ချည်မျှင်ရှည်ဝါ ရွှေတောင်(၁၀) စိုက်ခင်းအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

လှဝင်း