မကွေး ဇွန် ၁၂

 

၂၀၂၂ ခုနှစ် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ငါးခရိုင် အသက် ၁၉ နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ဇွန် ၁၁ ရက် ညနေပိုင်းက မကွေးခရိုင် အားကစားကွင်း၌ ကျင်းပရာ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး အမျိုးသမီး အားကစားအဖွဲ့ နာယကနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဘောလုံးအားကစား ဝါသနာရှင်များ တက်ရောက်ကာ ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် မကွေးခရိုင် အမျိုးသား ဘောလုံးအသင်းနှင့် သရက်ခရိုင် အမျိုးသားဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားနေမှုကို ကြည့်ရှုအားပေးကြသည်။

 

ဆက်လက်၍ ဆုချီးမြှင့်ပေးအပ်ပွဲကို ကျင်းပရာ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်က အသက် ၁၉ နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲတွင် အနိုင်ရ ဗိုလ်စွဲခဲ့သော သရက်ခရိုင်အသင်းအား တစ်ဦးချင်း ဆွဲပြား၊ ဆုကလပ်နှင့် ငွေသားဆုများ ပေးအပ်ချီးမြှင့်ပြီး ဒုတိယဆုရရှိသော မကွေးခရိုင်အသင်းနှင့် ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံး အားကစားသမားများအား ဆုတံဆိပ်နှင့် ငွေသားဆုများကို တိုင်းဒေသကြီး ဝန်ကြီးများနှင့် တာဝန်ရှိသူများက ချီးမြှင့်ပေးအပ်ခဲ့ကြကြောင်း သိရသည်။

 

မောင်ညီညာ