မကွေး ၁၄ မေ
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပြည်သူ့အတွက် တတိယ(၁)နှစ်တာ လုပ်ငန်းဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ သတင်းစာရှင်းလင်းပွဲကို ယနေ့ နံနက် ၉ နာရီက တိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။
သတင်းစာရှင်းလင်းပွဲတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တတိယ(၁)နှစ်တာ ကာလအတွင်း ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်လျက်ရှိရာ အခြေခံအဆောက်အအုံများဖြစ်သည့် လမ်းပန်းဆက်သွယ်မှုကောင်းမွန်ရေး၊ လျှပ်စစ်မီးရရှိရေး၊ စိုက်ပျိုးရေး၊ ပညာရေး၊ ကျန်းမာရေး၊ တရားဥပဒေစိုးမိုးရေးနှင့်ရပ်ရွာအေးချမ်းသာယာရေး ဆောင်ရွက်မှုများကို ရှင်းလင်းပြောကြားသည်။
၎င်းအပြင် လယ်ယာမြေဖော်ထုတ်ပေးနိုင်မှု၊ကျေးလက်ဆည်ကန်များ တည် ဆောက် ခြင်းနှင့် ပြင်ဆင်ထိန်းသိမ်း ခြင်းများ၊ရေပေးဝေရေးလုပ်ငန်းဆောင်ရွက်နိုင်မှု၊ လျှပ်စစ်ကဏ္ဍဖွံ့ဖြိုး တိုးတက် ရေးဆောင်ရွက်နိုင်မှု၊ အခြေခံပညာကျောင်းများအဆင့်တိုးမြှင့်ဖွင့်လှစ်နိုင်မှု၊ ကျန်းမာရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆောင်မှုများ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံးများနှင့် နိုင်ငံ့ဝန်ထမ်းအိမ်ရာများ ဆောက်လုပ်ပေးနိုင်ခဲ့မှုများ၊ မူးယစ်ဆေးဝါးများ ဖျက်ဆီးမှုနှင့် ဖမ်းဆီးအရေးယူခဲ့မှုများ၊ မြေဂရန်ထုတ်ပေးနိုင်မှု အခြေအနေများ၊ ကမ်းပြိုကာကွယ် ထိန်းသိမ်းခြင်းဆောင်ရွက်ခဲ့မှုများ၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ပေးနိုင်မှုများ၊လူထုအခြေပြုခရီးသွားလုပ်ငန်း(CBT) ဆောင်ရွက်ထားမှုများ၊ သိမ်းဆည်းခံလယ်ယာမြေများနှင့် ပတ်သက်၍ ဆောင်ရွက်ပေးနိုင်မှုများအား ရှင်းလင်းပြောကြားသည်။
ထို့နောက် တက်ရောက်လာသည့် သတင်းမီဒီယာများက မကွေးမြို့၌ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက တွေ့ရှိခဲ့သော ကျည်ဆံများနှင့် ပတ်သက်၍ သိရှိလိုသည်များ၊ မြို့အဝင်လမ်းဘေးဝဲ၊ ယာမြေနေရာများတွင် နေအိမ်တည်ဆောက်နေမှုများနှင့် အမှိုက်စွန့်ပစ်နေမှုများ၊ လျှပ်စစ်မီးဖြန့်ဝေနေမှု အခြေအနေများ၊ ရေနံလက်ယက် တွင်းများနှင့် အခွန်ကောက်ခံရရှိမှု အခြေအနေများ၊ ရွှေ့ပြောင်းလုပ်သားများနှင့် လူကုန်ကူးမှု အခြေအနေများ၊ မကွေးမြို့ပြည်သူ့ဆေးရုံတွင် သွေးစစ်ဆေးပေးမှုအခြေအနေများ၊ တရားရုံးများတွင် အမှုစစ်ဆေးပေးနေမှု အခြေအနေများ၊ မင်းဘူး(စကု)မြို့တွင် အချို့ယာမြေများ၌ဒေသခံများက ရှေးဟောင်းပစ္စည်းများ ရှာဖွေတူးဖော်နေမှုများနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လုပ်ငန်းဆောင်ရွက်မှုများတွင် တွေ့ကြုံရသည့်စိန်ခေါ်မှုများအား မေးမြန်းဆွေးနွေး သည်။ ယင်းမေးမြန်းဆွေးနွေးမှုများအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ သက်ဆိုင်ရာ ဝန်ကြီးများ၊ တိုင်းဒေသကြီး ဥပဒေချုပ်နှင့် တိုင်းအဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက ကဏ္ဍအလိုက်ပြန်လည် ဖြေကြားပေးခဲ့ကြောင်း တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။
MDN
