အောင်လံ အောက်တိုဘာ ၃၀

 

မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့၌ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ အောင်လံမြို့နယ်အတွင်း ပန်းခင်းစီမံချက်အဆင့်(၂)ဖြင့် ဆောင်ရွက်သော နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက အောင်လံခရိုင် အောင်လံမြို့နယ် ပြလို့မြို့ အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျင်းပခဲ့သည်။

 

အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်က အဖွင့်အမှာစကား ပြောကြားရာတွင် ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ မဲစာရင်းတွင် ကိုင်ဆောင်လက်မှတ်နံပါတ်မရှိဘဲ အမည်စာရင်းပါနေသူ (၄ ဒသမ ၈)သန်းရှိခဲ့ကြောင်း စာရင်းထုတ်ပြန်ချက် အရ သိရပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရလက်ထက်တွင် နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်တွင် အရေးပေါ်ကာလဆိုင်ရာ ပြဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)နှင့်အညီ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်လွှဲအပ်နိုင်ရေး ဆက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် လွတ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲဖြစ်ရန် မဲပေးပိုင်ခွင့်ရှိသည့် အသက်(၁၈)နှစ်ပြည့်ပြီးသူ နိုင်ငံသားတိုင်းလက်ဝယ်တွင် နိုင်ငံသားစိစစ်ရေးကတ်ပြားရှိရန် လိုအပ်သည့်အတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပန်းခင်းစီမံချက်ကို တစ်နိုင်လုံးအတိုင်းအတာဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်းတို့ကို ရှင်းလင်းပြောကြားသည်။

 

ထို့နောက် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကျောင်းသား/ကျောင်းသူ (၂၈၀)ဦး၊ ရွာထောင်ရပ်ကွက်မှ ပြည်သူ(၆၆)ဦး၊ အုပ်ရှစ်ကုန်းကျေးရွာအုပ်စုမှ ပြည်သူ(၁၂၁)ဦး၊ ကျွဲသေကျေးရွာအုပ်စုမှ ပြည်သူ(၁၄)ဦး၊ ညောင်ပင်စိတ်ကျေးရွာအုပ်စုမှ ပြည်သူ(၃၇)ဦး၊ ညောင်ပင်ဝိုင်းကျေးရွာအုပ်စုမှ ပြည်သူ(၄၂)ဦး စုစုပေါင်း ကျောင်းသား/ကျောင်းသူနှင့် ပြည်သူ (၅၆၀)ဦးတို့အား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ခဲ့ပြီး အားကစားဆက်စပ်ပစ္စည်းများကို အ.ထ.က(ပြလို့)ကျောင်းမှ တာဝန်ရှိသူ တစ်ဦးထံသို့ ပေးအပ်ခဲ့ရာ မြို့နယ်ပညာရေးမှူး ဦးချစ်လွင်က ကျေးဇူးတင်စကားပြောကြားခဲ့သည်။

 

ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အောင်လံမြို့နယ် ပြလို့မြို့ ပြလို့အခြေခံပညာအထက်တန်းကျောင်းနှင့် တွဲဖက်ဖွင့်လှစ်မည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးအထက်တန်းကျောင်း အဆောက်အဦ တည်ဆောက်မည့်အခြေအနေအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက ရှင်းလင်းတင်ပြပြီး အဆောက်အဦဆောက်လုပ်မည့် မြေနေရာအားကြည့်ရှု၍ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

 

 

မျိုးသိန်း(ပြန်/ဆက်)