မကွေး ဩဂုတ် ၂၅

 

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက မကွေးတိုင်းဒေသကြီးအတွင်း ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်၌ မြို့နယ် ၁၉ မြို့နယ်မှ ကျေးရွာ ၆၄ ရွာတွင် နိုင်ငံတော်က ငွေကျပ်သိန်း ၁၁၁၀၀ မတည်ပေးပြီး မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ) ထပ်တိုး အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

 

မကွေးတိုင်းဒေသကြီးအတွင်းရှိ နေကြာအပါအဝင် ဆီထွက်သီးနှံစိုက်ပျိုးသော တောင်သူများ လိုအပ်လျက်ရှိသည့် မျိုးစေ့၊ သွင်းအားစုနှင့် စိုက်ပျိုးစရိတ်များ ဝယ်ယူသုံးစွဲနိုင်ရန် အတိုးနှုန်းသက်သာသော အရင်းမပျောက် မတည်ရန်ပုံငွေများ ပံ့ပိုးပေးနိုင်ရန် ရည်ရွယ်၍ ပခုက္ကူမြိုနယ်မှ ကျေးရွာသုံးရွာ၊ ဆိပ်ဖြူမြို့နယ်မှ ကျေးရွာနှစ်ရွာ၊ မကွေးမြို့နယ်မှ နှစ်ရွာ၊ တောင်တွင်းကြီးမြို့နယ်မှ ငါးရွာ၊ နတ်မောက်မြို့နယ်မှ သုံးရွာ၊ မြို့သစ်မြို့နယ်မှ သုံးရွာ၊ ချောက်မြို့နယ်မှ သုံးရွာ၊ ရေနံချောင်းမြို့နယ်မှ ခြောက်ရွာ၊ မင်းဘူးမြို့နယ်မှ လေးရွာ၊ စလင်းမြို့နယ်မှ ခြောက်ရွာ၊ ပွင့်ဖြူမြို့နယ်မှ နှစ်ရွာ၊ ငဖဲမြို့နယ်မှ တစ်ရွာ၊ စေတုတ္တရာမြို့နယ်မှ သုံးရွာ၊ သရက်မြို့နယ်မှ နှစ်ရွာ၊ ကံမမြို့နယ်မှ သုံးရွာ၊ မင်းတုန်းမြို့နယ်မှ တစ်ရွာ၊ မင်းလှမြို့နယ်မှ ရှစ်ရွာ၊ ဆင်ပေါင်ဝဲမြို့နယ်မှ ငါးရွာ၊ အောင်လံမြို့နယ်မှ နှစ်ရွာ စုစုပေါင်း ကျေးရွာ ၆၄ ရွာတွင် ကျေးရွာတစ်ရွာချင်းအလိုက် နေကြာစိုက် တောင်သူအရေအတွက်ပေါ် မူတည်ပြီး ရန်ပုံငွေအမျိုးအစားကို သုံးမျိုးခွဲခြား ဆောင်ရွက်လျက်ရှိရာ Type-1 ကျေးရွာများကို ကျပ်သိန်း ၃၀၀ ကိုလည်းကောင်း၊ Type-2 ကျေးရွာများကို ကျပ်သိန်း ၂၀၀ ကိုလည်းကောင်း၊ Type-3 ကျေးရွာများကို ကျပ်သိန်း ၁၀၀ ကိုလည်းကောင်း မတည်ပံ့ပိုးပေးသွားမည်ဖြစ်ပြီး ငွေတစ်ရာကျပ်အတွက် အတိုးပြားငါးဆယ်နှုန်းဖြင့် ထုတ်ချေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ပြည်တွင်း စားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံ တိုးချဲ့စိုက်ပျိုးရေးကော်မတီ၏ လမ်းညွှန်မှုဖြင့် ဆောင်းနေကြာ စိုက်ပျိုးသည့် ကျေးရွာများအား မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ) ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ မကွေးတိုင်းဒေသကြီးအတွင်း မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ) ဆောင်ရွက်ရန်အတွက် မြို့နယ်အဆင့် စီမံခန့်ခွဲမှုကော်မတီဝင်များနှင့်အတူ ကျေးရွာများ ရွေးချယ်ဆောင်ရွက်ပြီးဖြစ်ရာ ယခုအခါ ကျေးရွာအတည်ပြုချက် ရရှိပြီးဖြစ်သောကြောင့် ကျေးရွာစီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်း၊ ကျေးရွာကော်မတီများ ဖွဲ့စည်းခြင်းနှင့် သင်တန်းပေးခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးစိုးမောင်ထံက သိရသည်။

 

မယ်သင်း(ကျေးလက်)