နေပြည်တော်၊ နိုဝင်ဘာ ၇

 

မကွေးတိုင်းဒေသကြီးအတွင်း နိုင်ငံ့စီပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆီထွက်သီးနှံလျာထားဧက ပြည့်မီအောင် စိုက်ပျိုးရေးဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ တောင်သူလယ်သမားများနှင့် ပုဂ္ဂလိက လုပ်ငန်းရှင်များ ပူးပေါင်းဆောင်ရွက်သည့် အကျိုးတူလယ်ယာစနစ် ဖွံ့ဖြိုးလာရေးနှင့် ဒေသ၏ ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်မှုအား  ပန်းတိုင်အထွက်နှုန်း ရရှိစေရေးအတွက် တောင်သူများ အဓိက လိုအပ်သော ဒေသနှင့်ကိုက်ညီသည့် မျိုးကောင်းမျိုးသန့်များနှင့် သွင်းအားစုများ အချိန်မီ ထောက်ပံ့ပေး နိုင်ရေးဆိုင်ရာ ကိစ္စရပ်များအား တွန်းအားပေးဆောင်ရွက်ရေးကိစ္စများနှင့် စပ်လျဉ်း၍ နိုဝင်ဘာ (၆)ရက် နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်၊ မကွေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဆွေးနွေးခဲ့ ကြသည်။

 

ထို့နောက် ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် ချောက်ခရိုင်၊ ရေနံချောင်း မြို့နယ်အတွင်းရှိ ရပ်ကွက်များ ရေကြီးနစ်မြုပ်မှုနှင့် သဲနှုံးဖုံးခြင်းမှ ကာကွယ်ရန်အတွက် ဦးအောင်သောင်း ရိုးလျှိုပိတ် တမံနှင့် ဆက်စပ်လုပ်ငန်းများကိုလည်းကောင်း၊ ကျောက်ပန်း တောင်းမြို့နယ်  စိုက်ပျိုးရေးဦးစီးဌာန၏ မိုးစပါး ပန်းတိုင်အထွက်နှုန်းရရှိရေး စံပြကွက်ကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များ ဆွေနွေးမှာကြားခဲ့သည်။

 

ထိုမှတဆင့် ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် ကြက်မောက်တောင် ရေလှောင်တမံနှင့် ဆည်ရေသောက်စနစ်များကို ကြည်ရှုစစ်ဆေးပြီး သဲဆန်သည့် စိုက်ဧရိယာများတွင် ရေအစက်ချစနစ် (Drip) သို့မဟုတ် ရေဖြန်းစနစ်(Splinker)များဖြင့် စံနမူနာပြလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး တာဝန်ရှိသူများအား ဆွေးနွေးမှာကြားသည်။ ဆက်လက်၍ မိတ္ထီလာမြို့နယ် ရှမ်းမငယ်ရေလှောင် တမံအား ကြည့်ရှုစစ်ဆေးပြီး ဆည်ရေသောက် ဧရိယာအတွင်း စိုက်ပျိုးထုတ်လုပ်မည့် သီးနှံများ၏ ရေလိုအပ်ချက်နှင့် စိုက်ပျိုးရေပေးဝေမှု ဟန်ချက်ညီဆောင်ရွက်ရန် တာဝန်ရှိသူများအား ဆွေးနွေး မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)