မကွေး စက်တင်ဘာ ၅
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ၏ စွမ်းဆောင်ရည်များ မြှင့်တင်ပေးရန်၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရန် ရည်ရွယ်ပြီး အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်းများကို နှစ်စဉ်ဖွင့်လှစ်ပေးလျက်ရှိရာ မကွေးတိုင်းဒေသကြီးမှာ ယခု ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်အတွင်း သင်တန်းကြိမ်ရေ (၅၂)ကြိမ် ဖွင့်လှစ်ပို့ချပေးပြီးဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးစိုးမောင်ထံက သိရသည်။
မကွေးတိုင်းဒေသကြီးအတွင်း ၂၀၂၂ ခုနှစ် ဧပြီလမှစ၍ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလအထိ ကျေးလက်နေပြည်သူ ၁၆၅၅ ဦးအတွက် အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်း (၇၁)ကြိမ်ကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ငွေလုံးငွေရင်းရန်ပုံငွေ ကျပ်သန်း ၁၃၀ ဒသမ ၀၈ သန်းဖြင့် အခမဲ့ဖွင့်လှစ် ပို့ချပေးသွားမည်ဖြစ်ရာ ယနေ့အထိ သင်တန်း (၅၂)ကြိမ် ဖွင့်လှစ်ပို့ချပြီး သင်တန်းသား၊ သင်တန်းသူဦးရေ ၁၂၃၀ ကို မွေးထုတ်ပေးထားပြီးဖြစ်ကြောင်း သိရသည်။
“ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေနဲ့ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို စဉ်ဆက်မပြတ် ဖော်ဆောင်ရည်မှန်းကာ ကျေးလက်နေပြည်သူများ လုပ်ငန်းစွမ်းဆောင်ရည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံစက်မှု၊ လက်မှုကုန်ထုတ်လုပ်ငန်းများ အပါအဝင် အသက်မွေးဝမ်းကျောင်း အထောက်ကူပြု သင်တန်းများကိုလည်း ဖွင့်လှစ်ပို့ချပေးလျက်ရှိရာ ကျွန်တော်တို့ မကွေးတိုင်းဒေသကြီးအတွင်းရှိ ဒေသခံပြည်သူများအတွက် လိုအပ်နေသည့်သင်တန်း၊ ဒေသနှင့်ကိုက်ညီသည့်သင်တန်းများ ဥပမာ-စက်ချုပ်သင်တန်း၊ စိုက်ပျိုးရေးမွေးမြူရေးဆိုင်ရာ အသိပညာပေးသင်တန်း၊ လူသုံးကုန်ထုတ်လုပ်နည်းသင်တန်း၊ လက်သမား၊ ပန်းရံသင်တန်း၊ သဘာဝမြေဩဇာ ထုတ်လုပ်နည်းသင်တန်း၊ မုန့်လုပ်နည်းသင်တန်း အစရှိသည့် သင်တန်းများကို စိုက်ပျိုးရေးဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနတို့မှ ကျွမ်းကျင်ပညာရှင်များ၊ ပြင်ပမှ ကျွမ်းကျင်ပညာရှင်များ ခေါ်ယူပြီး ကျွမ်းကျင်တတ်မြောက်ပြီး လုပ်ကိုင်စားသောက်နိုင်သည်အထိ သင်ကြားပို့ချပေးတာပါ” ဟု မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးစိုးမောင်က ပြောပြာ၍ သိရသည်။
မယ်သင်း