မကွေး၊ အောက်တိုဘာ ၁
၂၀၂၃ ခုနှစ် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အခမ်းအနားနှင့် သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ပွဲကို အောက်တိုဘာ ၁ ရက် နံနက်ပိုင်းက မကွေးမြို့ ဖန်ခါးမြေ ဘိုးဘွားရိပ်သာ ဓမ္မာရုံ၌ ပြုလုပ်ရာ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ အဖွဲ့ဝင်ဝန်ကြီးများနှင့် ဇနီးများ၊ တပ်မတော် အရာရှိကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မကွေးတိုင်း ဒေသကြီးမှ ဂုဏ်ပြုခံ ဘိုးဘွားများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်က အမှာစကား ပြောကြားပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အကြီးအကဲများ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ စေတနာရှင် အလှူရှင်များက သက်ကြီးဘိုးဘွားများအား ထောက်ပံ့ငွေ၊ ကန်တော့ခံ ပစ္စည်းများနှင့် အားတိုးဆေးများကို တက်ရောက်လာသည့် အဘိုးအဘွားများထံ ထောက်ပံ့ပေးအပ် လှူဒါန်းသည်။ အခမ်းအနားအပြီးတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တက်ရောက်လာသည့် ဘိုးဘွားအဘွားများအား ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေမှုကို ကြည့်ရှု၍ အားပေးစကားများ ပြောကြားသည်။

အဆိုပါ အခမ်းအနားတွင် အသက်အကြီးဆုံး အဘွားတစ်ဦး အပါအဝင် သက်ကြီးဘိုးဘွား ၇၀ အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုဝန်ထမ်းဦးစီးဌာန၊ လူမှုရေးအသင်းအဖွဲ့များနှင့် အလှူရှင်များ စုပေါင်းပါဝင်မှုဖြင့် အလှူငွေနှင့် ပစ္စည်းများထောက်ပံ့ပေးအပ်ရာ လှူဒါန်းမှု စုစုပေါင်း တန်ဖိုးငွေကျပ် ၅၅၃၀၀၀၀ ဖြစ်ကြောင်း သိရသည်။
ယနေ့အခမ်းအနားတွင် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ မင်းကံကြီးရပ်ကွက်မှ တက်ရောက် ကန်တော့ခံသည့် အသက်အကြီးဆုံး အဘွားဒေါ်ချောယဉ် (၁၂၃) နှစ်သည် မကွေးတိုင်းဒေသကြီး အတွင်းသာမက မြန်မာတစ်နိုင်ငံလုံး အသက်ကြီးဆုံး အဘွားအဖြစ် ရွေးချယ်ခြင်းခံရကြောင်း သိရသည်။ အဆိုပါ အဘွားဒေါ်ချောယဉ်အား ၂၀၂၃ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အခမ်းအနားတွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ဂုဏ်ပြုချီးမြှင့်ငွေ ကျပ် ၁၀ သိန်း ထောက်ပံ့ခဲ့သည်။
သန်းနိုင်ဦး(ငဖဲ)