မကွေး  ၁၄  စက်တင်ဘာ

 

မကွေးတိုင်းပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ သူနာပြု ၁၉ ဦးကို ကပ်ရောဂါကူးစက်မှု များပြားနေသည့် ရန်ကုန်တိုင်းဒေသကြီးအား ကူညီရန် စက်တင်ဘာ ၁၄ ရက်နေ့ မနက်ပိုင်းက စေလွှတ်လိုက်ပြီဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ တိုင်းဦးစီးမှူး ဒေါက်တာသောင်းလှိုင်ထံက သိရသည်။

 

မကွေးတိုင်းဒေသကြီးရှိ ဂန့်ဂေါ၊ ပခုက္ကူ၊ မကွေး၊ မင်းဘူးခရိုင်များမှ သူနာပြု (အနီဝတ်၊ အပြာဝတ်) ကျား ၆ ဦး၊ မ ၁၃ ဦး၊ ပေါင်း ၁၉ ဦးကို စေလွှတ်တာဝန်ပေးလိုက်ခြင်း ဖြစ်သည်။

 

"သူနာပြုတွေအနေနဲ့ ရန်ကုန်မြို့ COVID-19 ရောဂါကုသရေးဌာန၊ သုဝဏ္ဏမှာ တာဝန်ကျမယ်လို့ သိရပါတယ်။ အခုမနက်ပိုင်းမှာ တိုင်းအစီအစဉ်နဲ့ နေပြည်တော်ကိုသွားနေပြီ။ နေပြည်တော်ရောက်ရင် ကျန်းမာရေးဝန်ကြီးဌာနက ကားနဲ့ရန်ကုန်ကို ဆက်လက်ပို့ဆောင်မယ်လို့ သိရပါတယ်'' ဟု မကွေးတိုင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာနတိုင်းဦးစီးမှူး ဒေါက်တာသောင်းလှိုင် က ပြောသည်။

 

မကွေးတိုင်းဒေသကြီးတွင် ယနေ့နံနက်ပိုင်းထိ ကိုဗစ်အတည်ပြုလူနာ ၁၂ ဦးရှိပြီး ၃ ဦးမှာ ရောဂါပိုးမတွေ့တော့၍ ဆေးရုံမှ ဆင်းသွားပြီဖြစ်ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးတွင် စက်တင်ဘာ ၁၃ ရက်နေ့ ညပိုင်းထိ ကိုဗစ် အတည်ပြုလူနာ ၁၆၆၅ ဦး၊ ယင်းတို့ထဲမှ သေဆုံးသူ ၈ ဦးရှိကြောင်း ကျန်းမာရေးဆိုင်ရာ ထုတ်ပြန်ချက်များအရ သိရသည်။

 

ဇေယျတု(မကွေး)