မကွေး  ၂၆  နိုဝင်ဘာ

မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ပေါင်း (၂၅)မြို့နယ်၌ ၂၀၁၅-၂၀၁၆ ခုနှစ်မှ ၂၀၁၉-၂၀၂၀ ခုနှစ်အထိ (၅)နှစ်တာ ကာလအတွင်း သဘာဝဘေးအကြိမ်ရေ ၁၈၆၅ ကြိမ် ဖြစ်ပွားခဲ့ပြီး နိုင်ငံတော်အစိုးရက ဘေးကြုံခဲ့ရသည့် ပြည်သူများ အတွက် ငွေကျပ် ၂၇၁၄ ဒသမ ၈၄၇ သန်း ထောက်ပံ့ပေးခဲ့ကြောင်း မကွေးတိုင်းဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန က သိရသည်။

 

“သဘာဝဘေးတွေကတော့ တစ်နှစ်ထက်တစ်နှစ် ပိုများလာတာ တွေ့ရပါတယ်။ နိုင်ငံတော်အစိုးရက ဘေးဒုက္ခကြုံရတဲ့ ပြည်သူတွေကို ချက်ချင်းကူညီနိုင်ဖို့ ဗဟိုချုပ်ကိုင်မှု ဖြေလျော့ပေးထားတာကြောင့် ထောက်ပံ့မှုလုပ်ငန်းတွေကို လျင်လျင်မြန်မြန်နဲ့ လုပ်ဆောင်နိုင်ခဲ့ပါတယ် ” ဟု မကွေးတိုင်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ တိုင်းဦးစီးမှူး ဦးမြင့်စိုး က ပြောသည်။

 

မီးဘေး၊ ရေဘေး၊ လေဘေး၊ ကမ်းပြိုဘေး၊ ငလျင်ဘေး၊ မိုးကြိုး၊ မြေပြိုနှင့် အခြားဘေးအန္တရာယ်များကို ၅ နှစ်အတွင်း၌ ပြည်သူပေါင်း ၅၈၀၂၁၄ ဦး ကြုံတွေ့ခဲ့ရကြောင်း၊ သေဆုံးနှင့်ဒဏ်ရာရသူ ၂၀၈ ဦးရှိခဲ့ပြီး ဘာသာရေးအဆောက်အဦ ၃၉၄ လုံး ထိခိုက်ပျက်ဆီးမှုကြုံခဲ့ရကြောင်း အဆိုပါဦးစီးဌာန က သိရသည်။

 

မကွေးတိုင်းတွင် ရေဘေး၊ လေဘေးနှင့် ကမ်းပြိုဘေးများမှာ အဖြစ်အများဆုံးဘေး အန္တရာယ်များဖြစ်ပြီး ၅ နှစ်တာကာလအတွင်း ပြည်သူများထံသို့ ကယ်ဆယ်ရေးပစ္စည်းတန်ဖိုး ၄၀၄ ဒသမ ၉၁၁ သန်းနှင့် ထောက်ပံ့ရန်ပုံငွေ ၂၃၀၉ ဒသမ ၉၃၆ သန်းတို့ကို နိုင်ငံတော်အစိုးရက အမြန်ထောက်ပံ့ပေးအပ်ခဲ့သည်။

 

မကွေးတိုင်း၏ သဘာဝဘေးဖြစ်ပွားမှု မှတ်တမ်းများအရ ၂၀၁၅-၂၀၁၆ ခုနှစ်တွင် (၇၂)ကြိမ်၊ ၂၀၁၆-၂၀၁၇ ခုနှစ်တွင် (၂၂၁)ကြိမ်၊ ၂၀၁၇-၂၀၁၈ ခုနှစ်တွင် (၃၂၀)ကြိမ်၊ ၂၀၁၈-၂၀၁၉ ခုနှစ်တွင် (၈၁၂)ကြိမ်၊ ၂၀၁၉-၂၀၂၀ ခုနှစ်တွင် (၄၄၀) ကြိမ် ဖြစ်ပွားခဲ့ကြောင်း မကွေးတိုင်းဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန က သိရသည်။

ဇေယျတု(မကွေး)