မကွေး ၁၃ သြဂုတ်
မကွေးတိုင်းဒေသကြီး၌ မီးဘေး၊ ရေဘေး၊ လေဘေး စသည့် သဘာဝဘေးများဖြစ်လျှင် အမြန်ဆုံးကူညီနိုင်ရန် မီးသတ်စခန်းများ တိုးချဲ့တည်ဆောက်လျက်ရှိပြီး တိုင်းအတွင်းလိုအပ်နေသည့် မီးသတ်စခန်းအရေအတွက်၏ ၇၀ ရာခိုင်နှုန်းကို တည်ဆောက်ထားပြီးဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနက သိရသည်။
လတ်တလောတွင် မကွေးတိုင်းဒေသကြီး၌ ခရိုင်မီးသတ်စခန်း ၅ ခု၊ မြို့နယ်မီးသတ်စခန်း ၂၅ ခု၊ ကျေးရွာ တိုက်နယ် အချက်အချာကျသည့် နေရာများ၌ နယ်မြေမီးသတ်စခန်း ၆၉ ခုတို့ကို တည်ဆောက်ထားလျက်ရှိသည်။
“တိုင်းဒေသကြီးထဲမှာ မီးသတ်စခန်းတွေ ၃၀ ရာခိုင်နှုန်းလောက်ပဲ ဆောက်ဖို့ကျန်ပါတော့တယ်။ ကျန်တဲ့နယ်မြေ မီးသတ်စခန်းတွေကိုလည်း လာမယ့်ဘဏ္ဍာရေးနှစ်တွေမှာ ဘတ်ဂျက်တင်ပြတောင်းခံပြီးတော့ ဆောင်ရွက်သွားပါမယ်။ အရင်ကထက်စာရင် မြို့နယ်တိုင်းမှာ မီးသတ်ကားတွေရှိတဲ့အပြင် အချက်အချာကျတဲ့ ကျေးရွာတွေမှာလည်း မီးသတ် ကားတွေ ရှိလာတဲ့အတွက် တစ်နေရာနဲ့တစ်နေရာ အပြန်အလှန်အထောက်အကူပြုလာနိုင်ပါပြီ” ဟု မကွေးတိုင်း ဒေသကြီး မီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ဝင်းစိန်က ပြောသည်။
၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်းက ငွေကျပ် သန်း ၄၂၁ ဒသမ ၂၀၀ အသုံးပြု၍ မြို့နယ်မီးသတ်စခန်းတစ်ခု ၊ ငွေကျပ် ၄၃၂ ဒသမ ၁၂၅ သန်းဖြင့် နယ်မြေမီးသတ်စခန်း(၈)ခုကို တည်ဆောက်နိုင်ခဲ့ပြီး တိုးချဲ့ဖွဲ့စည်းထားသည့် စခန်းများတွင် မီးသတ်ယာဉ်များ ဖြန့်ခွဲချပေးထားကြောင်း မီးသတ်ဦးစီးဌာနမှ သိရသည်။
ဇေယျတု(မကွေး)