မကွေး ၁၂ စက်တင်ဘာ
ကမ္ဘာ့ကပ်ရောဂါ Covid – 19 ကူးစက်မှုသည် ပြည်တွင်းကူးစက်မှုအသွင်ဖြင့် မြန်မြန်ဆန်ဆန် ကူးစက်ပြန့်ပွားလာပြီး ကူးစက်ခံရသူ အရေအတွက်မှာ နေ့စဉ်ပိုမိုတိုးပွားလာသည့်အတွက် တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် Covid – 19 ရောဂါ ထိန်းချုပ်နိုင်ရေးနှင့် အရေးပေါ်တုံ့ပြန်နိုင်ရေး၊ မကွေးတိုင်းဒေသကြီးအတွင်းသို့ ကူးစက်မှုမရှိစေရေးအတွက် တိုင်းဒေသကြီး နယ်မြေအတွင်း မကွေးခရိုင်တွင် (၆)နေရာ၊ သရက်ခရိုင်တွင်(၂)နေရာ၊ ပခုက္ကူခရိုင်တွင် (၂)နေရာနှင့် ဂန့်ဂေါခရိုင်တွင် (၁)နေရာ၊ စုစုပေါင်း (၁၁) နေရာတို့တွင် စစ်ဆေးရေးဂိတ်များ ထပ်မံဖွင့်လှစ်ကာ ရဲတပ်ဖွဲ့ဝင်များ အနေဖြင့် ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီအဖွဲ့များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တို့နှင့် ပူးပေါင်းကာ(၂၄) နာရီ နေ့ညမပြတ် ကြပ်မတ်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ Covid – 19 ကူးစက်ရောဂါဆိုင်ရာ စစ်ဆေးရေးဂိတ်များသို့ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး သွားရောက်ခဲ့ပြီး စစ်ဆေးရေးဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေး၍ စစ်ဆေးရေးတာဝန် ဆောင်ရွက်နေကြသူများနှင့် တွေ့ဆုံကာ ဝင်ရောက်လာသည့် ခရီးသွားပြည်သူများအား ခရီးသွား ရာဇဝင် သေချာစွာ မေးမြန်းစစ်ဆေးကြရန်၊ သံသယရှိဖွယ်လူနာတွေ့ရှိပါက နီးစပ်ရာ စောင့်ကြည့်ရေး နေရာ (Facility Quarantine)သို့ ပို့ဆောင်နိုင်ရေး ပူးပေါင်းဆောင်ရွက်ကြရန်၊ လုပ်ငန်းတာဝန် ထမ်းဆောင်နေကြသူများ အနေဖြင့်လည်း မိမိတို့ကိုယ်တိုင် ကူးစက်မခံရစေရေးအတွက် ကူးစက်ရောဂါ ကာကွယ်ရေးဆိုင်ရာ နည်းလမ်း များအား အလေးထား လိုက်နာကြရန်နှင့် ကူးစက်ခံရပြီးသူများနှင့် ပတ်သက်ဆက်ဆံမှုရှိခဲ့သည့် သူများအား အလေးထားဖော်ထုတ်သွားကြရန် မှာကြားခဲ့ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့အနေဖြင့် ပြည်သူများ သောကအပူမီး ငြိမ်းစေရန်နှင့် မကွေးတိုင်း ဒေသကြီးအတွင်း ရောဂါကပ်ဆိုးကြီးအန္တရာယ်ကင်းဝေးစေရန်အတွက် Covid – 19 ကူးစက်ရောဂါ ကာကွယ် တားဆီးနိုင်ရေးလုပ်ငန်းများတွင် အလေးထားဆောင်ရွက်လျက်ရှိပြီး ခရီးသွား လာလျက်ရှိ သည့် ပြည်သူများ အနေဖြင့် စစ်ဆေးရေးတာဝန်ဆောင်ရွက်နေကြသည့် အဖွဲ့များထံ ခရီးသွားရာဇဝင် မှန်မှန်ကန်ကန် ဖြေကြားပေးခြင်းဖြင့် အများအကျိုး၊ တိုင်းပြည်အကျိုးအတွက် ပူးပေါင်းဆောင်ရွက် ပေးကြပါရန် မကွေးတိုင်း ဒေသကြီးရဲတပ်ဖွဲ့မှ တိုက်တွန်းနှိုးဆော်လျက်ရှိကြောင်း သိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)


