မကွေး ၂၁ မေ
မကွေးတိုင်းဒေသကြီးအတွင်း မေ ၂၀ ရက် ညနေပိုင်းက မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် မြို့နယ် ၁၂ မြို့နယ်ရှိ ကျေးရွာများတွင် ဘာသာရေးအဆောက်အဦများ၊ လူနေအိမ်များ၊ စာသင်ကျောင်းဆောင်များ အမိုးလန်ခြင်းနှင့် ပြိုလဲခြင်းများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် မကွေးမြို့နယ်ရှိ ကျေးရွာ ၆ ရွာတွင် လူနေအိမ် ၃၆ လုံးအမိုးလန်ခြင်း၊ နတ်မောက်မြို့နယ်ရှိ ကျေးရွာ ၂၃ ရွာတွင် လူနေအိမ် ၁၆၈ အိမ်၊ ဘုန်းကြီးကျောင်း ၃ ကျောင်း၊ စာသင်ကျောင်း ၁၀ ဆောင်၊ နွားတင်းကုပ် ၃၄ လုံးအမိုးလန်ပျက်စီးခြင်း၊ တောင်တွင်းကြီးမြို့နယ်ရှိ ကျေးရွာ ၃၅ ရွာတွင် ပြိုကျလူနေအိမ် ၅ လုံးနှင့် လူနေအိမ် ၂၄၂ အိမ်၊ စာသင်ကျောင်းဆောင် ၅ ဆောင်၊ ဇရပ်တစ်ဆောင်၊ ဓမ္မာရုံ နှစ်ဆောင်၊ ဘိုးဘွားရိပ်သာ တစ်ဆောင်၊ နွားတင်းကုပ် ၅ လုံး အမိုးလန်ခြင်းနှင့် ဓာတ်တိုင် ၂၀ ပြိုလဲခြင်း၊ မြို့သစ်မြို့နယ်ရှိ ကျေးရွာ ၉ ရွာတွင် ပြိုကျလူနေအိမ် ၃ လုံး၊ လူနေအိမ် ၁၃၆ လုံး၊ ဘုန်းကြီးကျောင်း ၆ ကျောင်း အမိုးလန် ပျက်စီးခြင်းနှင့် သစ်ပင်တစ်ပင်လဲပြိုခြင်း၊ မင်းဘူး(စကု)မြို့နယ်ရှိ ကျေးရွာ ၇ ရွာတွင် ပြိုကျလူနေအိမ် ၅ လုံး၊ အမိုးလန် ၈၉ လုံး၊ ဘာသာရေးအဆောက်အဦ ၇ လုံး၊ စာသင်ကျောင်းသုံးလုံး အမိုးလန်ပျက်စီးခြင်းနှင့် နွားသုံးကောင် သစ်ပင်ပိသေဆုံးခြင်းများ ဖြစ်ပွားခဲ့သည်။

ထို့အပြင် ငဖဲမြို့နယ်ရှိ ကျေးရွာ နှစ်ရွာတွင် လူနေအိမ်၊ ဝန်ထမ်းအိမ်ရာအပါအဝင် ၁၀ လုံး အမိုးလန်ခြင်း၊ စေတုတ္တရာမြို့နယ်ရှိ ကျေးရွာလေးရွာတွင် လူနေအိမ် ၅၉ လုံးအမိုးလန်ခြင်း၊ မင်းလှမြို့နယ်ရှိ ကျေးရွာ ၇ ရွာတွင် လူနေအိမ် ၆၁ အိမ်၊ ဘုန်းကြီးကျောင်း တစ်ကျောင်း၊ စာသင်ကျောင်း တစ်ကျောင်း အမိုးလန် ပျက်စီးခြင်း၊ အောင်လံမြို့နယ်ရှိ ကျေးရွာ ၂၉ ရွာတွင် လူနေအိမ် ၁၁၆ အိမ်၊ ဘုန်းတော်ကြီးကျောင်း ၂ ကျောင်း၊ စာသင်ကျောင်းဆောင် တစ်ဆောင် အမိုးလန်ပျက်စီးခြင်း၊ မင်းတုန်းမြို့နယ်ရှိ ကျေးရွာ ၇ ရွာတွင် လူနေအိမ် ၁၀၈ အိမ်၊ ဘုန်းကြီးကျောင်း ၂ ကျောင်း၊ စာသင်ကျောင်း ၃ ကျောင်း၊ ဇရပ်တစ်ဆောင် အမိုးလန်ပျက်စီးခြင်း၊ မြိုင်မြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် လူနေအိမ် လေးအိမ် အမိုးလန်ပျက်စီးခြင်း၊ ဆိပ်ဖြူမြို့နယ်ရှိ ကျေးရွာခြောက်ရွာတွင် လူနေအိမ်တစ်လုံးပြိုလဲခြင်း၊ လူနေအိမ် ၄၁ လုံး အမိုးလန်ခြင်းနှင့် ဓမ္မာရုံတစ်လုံးအမိုးလန် ပျက်စီးမှုများဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ လေပြင်းတိုက်ခတ်သည့် ကျေးရွာများသို့ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုအဖွဲ့အစည်းများက လိုအပ်သည်များ ကူညီဆောင်ရွက်ပေးလျက်ရှိပြီး တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက လေဘေးသင့် အိမ်ထောင်စုများအား ထောက်ပံ့မှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)
