မကွေး ၂၂ ဩဂုတ်
မကွေးတိုင်းဒေသကြီးတွင် ယခုနှစ် မိုးရာသီ၌ မြေပဲစိုက်ဧက လေးသိန်းကျော် လျာထားခဲ့သော်လည်း ရာသီဥတု ဖောက်ပြန်မှုကြောင့် မြေပဲစိုက်ဧက နှစ်သိန်းကျော်သာ စိုက်ပျိုးနိုင်ခဲ့ကြောင်း မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်းထံမှ သိရသည်။
“ဒီနှစ် မိုးရာသီမှာ မိုးခေါင်ပြီး ရာသီဥတုဖောက်ပြန်တဲ့အတွက် အညာဒေသ မိုးကောင်းရေသောက် ယာမြေတွေက မိုးရွာတာကိုစောင့်ပြီး ထွန်ယက်စိုက်ပျိုးရတာဖြစ်တဲ့အတွက် စိုက်ချိန်တွေ နောက်ကျပြီး စိုက်ဧကတွေ လျော့နည်းတဲ့အတွက် ဆီထွက်သီးနှံမြေပဲကို စိုက်ဧက လေးသိန်းကျော် လျာထားပေမယ့် ၂၇၁၀၆၇ ဧကပဲ စိုက်ပျိုးနိုင်ခဲ့တာ ဖြစ်ပါတယ်”ဟု ဦးခင်မောင်ဝင်းက ပြောသည်။
မကွေးတိုင်းဒေသကြီးအတွင်း ဆီထွက်သီးနှံများဖြစ်သည့် နှမ်း၊ မြေပဲ၊ နေကြာတို့ကို စိုက်ပျိုးကြပြီး နှမ်းသီးနှံကို တောင်သူများ အများဆုံးစိုက်ပျိုးကြသည်။ မြေပဲမှာ ဒုတိယအများဆုံး စိုက်ပျိုးသည့် ဆီထွက်သီးနှံဖြစ်ပြီး ယခင်နှစ်က မိုးမြေပဲ စိုက်ဧက ၂၈၇၀၆၇ ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။
ယခုနှစ်တွင် မိုးမြေပဲကို မိုးခေါင်မှုကြောင့် ယခင်နှစ်ထက် စိုက်ဧက ၁၆၀ဝ၀ ကျော် စိုက်ပျိုးမှု လျော့နည်းခဲ့သည့်အပြင် စိုက်ပြီးဧက ၁၀၉ ဧကမှာလည်း မိုးခေါင်မှုကြောင့် ပျက်စီးခဲ့ရကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
“ဒီနှစ်မိုးမြေပဲကို ဇွန်လဆန်းက မိုးရွာလို့ ထွန်ယက်ပြီး ၆ ဧကလောက် စိုက်ပျိုးခဲ့တာ၊ ဆက်ပြီးမိုး မရွာတော့ ကုန်းမြေမှာစိုက်တဲ့ ၂ ဧကလောက်က အပင်တွေ သေကုန်တယ်၊ ချောင်းနဲ့နီးတဲ့ ၄ ဧကလောက်ဘဲ အစိုဓာတ်ရှိတော့ ပျက်စီးမှုနည်းခဲ့တယ်၊ ရာသီဥတု မကောင်းတာရယ်၊ အလုပ်သမားစရိတ် ဈေးကြီးတာကြောင့် မှန်းထားသလောက် မစိုက်ပျိုးနိုင်ခဲ့ဘူး” ဟု မင်းဘူးမြို့နယ် ရေမျက်ကျေးရွာမှ တောင်သူတစ်ဦးက ပြောသည်။
ယခုနှစ်တွင် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် မိုးမြေပဲစိုက်တောင်သူများအား သီးနှံအထွက်ကောင်းစေရန် သိပ္ပံနည်းကျ စိုက်ပျိုးနည်းစနစ်များ၊ မျိုးကောင်းမျိုးသန့် ပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းနည်းများ၊ သဘာဝမြေဩဇာကို စနစ်တကျ သုံးစွဲနည်းများ၊ ရာသီဥတုနှင့်အညီ စိုက်ပျိုးနည်းစနစ်များ၊ တောင်သူများ သိရှိလိုက်နာရမည့် ပညာပေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မေသူလွင်(မကွေး)


