ပွင့်ဖြူ ၃၀ ဩဂုတ်       

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုသည် တိုင်းဒေသကြီး အလုပ်သမားရေးရာ ဝန်ကြီး ဦးမြင့်ဆွေ၊ တိုင်းဒေသကြီးဥပဒေချုပ် ဦးဆန်းလင်းနှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါ၍ ဩဂုတ် ၃၀ ရက်၊ နံနက် ၁၀ နာရီခွဲက ပွင့်ဖြူမြို့နယ် ဖလံတောကျေးရွာအုပ်စု၊ ကျောက်ကုန်းကျေးရွာနေ ပြည်သူများ   ၂၄ နာရီ လျှပ်စစ်မီးသုံးစွဲနိုင်ရေး တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်ပြီးစီးသည့် ကျေးရွာလျှပ်စစ်မီးလင်းရေး ထရန်စဖော်ဖွင့်ပွဲသို့ တက်ရောက်၍ အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

 

ရှေးဦးစွာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနှင့် တာဝန်ရှိသူများ အဖွဲ့သည် ပွင့်ဖြူမြို့နယ် ကျောင်းတော်ရာ ကျေးရွာအုပ်စုအတွင်းရှိ ဒေသခံပြည်သူများ ကျန်းမာရေး ပြုစုစောင့်ရှောက်မှုပေးနိုင်ရန်အတွက် အကောင်အထည်ဖော် ဆောင်ရွက်မည့် တိုက်နယ်ဆေးရုံ ဆောက်လုပ်မည့် မြေနေရာအား ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။

 

ဆက်လက်၍ မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ်၊ ခွင့်ပြုရန်ပုံငွေကျပ် ၇၁ ဒသမ ၃၅ သန်းဖြင့်  အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ကျောင်းတော်ရာကျေးရွာ ရေဆိုးထုတ်မြောင်း ပြန်လည် ပြုပြင်ခြင်းနှင့် မြောင်းပေါင်နှစ်ဘက် ပြန်ဖော်၍ လမ်းအရှည်ပေ ၁၄၀၀ အား မြေနီကျောက်စရစ် ကုန်ထုတ်လမ်း ပြုလုပ်ဆောင်ရွက်နေမှုနှင့် မဲဇလီရေလွှဲဆည်ရေမှ စိုက်ပျိုးရေပေးဝေလျက်ရှိသော တောင်မုန်းမြောင်းမကြီး မြောင်းပေါင်လမ်း အလျားပေ ၂၂၀၂၀ ပေ အား အကျယ် ၁၀ ပေ၊ ထု ၅ ပေ ၆ လက်မရှိ မြေနီကျောက်စရစ်လမ်း အဆင့်မြှင့်တင် ပြုပြင်ခြင်းလုပ်ငန်းအား SHWE GROUP ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများ အချိန်မီပြီးစီးရေးနှင့် အရည်အသွေးပြည့်မီရေး ကြိုးပမ်းဆောင်ရွက် သွားရန် လမ်းညွှန်မှာကြားသည်။

 

ဆက်လက်၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုသည် ပွင့်ဖြူမြို့နယ် ဖလံတော ကျေးရွာအုပ်စု၊ ကျောက်ကုန်းကျေးရွာတွင် ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးသည့် ကျေးရွာလျှပ်စစ် မီးလင်းရေး ထရန်စဖော်မာဖွင့်ပွဲသို့ တက်ရောက်ပြီး နိုင်ငံတော်အစိုးရသစ်လက်ထက် ပြည်သူများ လူမှုစီးပွားဘဝ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကျေးရွာလျှပ်စစ် မီးလင်းရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး အစရှိသည့် ဖွံ့ဖြိုးရေးလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်နေမှုများနှင့် လျှပ်စစ်မီးသုံးစွဲရာတွင် အန္တရာယ်ကင်းဝေးစေရေး စနစ်တကျ သုံးစွဲရန် ရှင်းလင်းဆွေးနွေး ပြောကြားသည်။

 

ထို့နောက် တိုင်းဒေသကြီးအလုပ်သမားရေးရာဝန်ကြီး ဦးမြင့်ဆွေက နိုင်ငံတော်မှ ကျေးရွာနေ ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်နှင့် လူနေမှုအဆင့်အတန်း တိုးတက်မြင့်မား စေရေးအတွက် ကျေးရွာလျှပ်စစ် မီးလင်းရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ပေးခြင်း ဖြစ်ရာ ဒေသခံပြည်သူများအနေဖြင့် မိမိရပ်ရွာ ဖွံ့ဖြိုးတိုးတက်အောင် အကျိုးရှိရှိ လုပ်ကိုင် ဆောင်ရွက်သွားကြရန် ဆွေးနွေးပြောကြားပြီး တိုင်းဒေသကြီးဥပဒေချုပ် ဦးဆန်းလင်းက ဖွံ့ဖြိုးရေး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပေးရာတွင် ကျေးရွာနေပြည်သူများအနေဖြင့် စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရန် ဆွေးနွေးပြောကြားသည်။

 

ပွင့်ဖြူမြို့နယ် ဖလံတောကျေးရွာအုပ်စု၊ ကျောက်ကုန်းကျေးရွာသည် အိမ်ထောင်စု ၁၆၇ စု၊ လူဦးရေ ၇၉၁ ဦးရှိပြီး ကျေးရွာနေပြည်သူများမှာ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းကို စီးပွားဖြစ်လုပ်ကိုင် ကြကြောင်း သိရသည်။ ယခုနှစ်တွင် ကျေးရွာနေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက် စေရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ၂၀၀ ကေဗွီအေ ထရန်စဖော်မာတစ်လုံးနှင့် ဆက်စပ်ပစ္စည်းများကို ခွင့်ပြုချထားပေးခဲ့ပြီး မြို့နယ်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးတင့်ဇော်နှင့် ဝန်ထမ်းများက အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ ယခုအခါ ကျေးရွာနေပြည်သူများအနေဖြင့် ၂၄ နာရီ လျှပ်စစ်မီး သုံးစွဲခွင့်ရရှိသွားပြီဖြစ်သဖြင့် ဝမ်းသာပျော်ရွှင်လျက် ရှိနေကြကြောင်း သိရသည်။

ရဲဝင်းနိုင် (ညောင်ဦး)