မကွေး ဩဂုတ် ၂၃
၂၀၂၂ခုနှစ်၊ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား(၅)ခရိုင် အသက် (၁၆)နှစ် အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးအပ်ချီးမြှင့်ပွဲ အခမ်းအနားကို သြဂုတ် ၂၂ ရက် ညနေပိုင်းက မကွေးခရိုင်အားကစားကွင်း၌ ပြုလုပ်ခဲ့သည်။
မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး အမျိုးသမီး အားကစားအဖွဲ့ နာယကနှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အားကစားဝါသနာရှင်များနှင့် မျိုးဆက်သစ်လူငယ် အားကစား သမားများ တက်ရောက်ခဲ့ကြသည်။
တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ၂၀၂၂ခုနှစ်၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဖလား(၅)ခရိုင် အသက် (၁၆)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အဖြစ် မင်းဘူးခရိုင် အသင်းနှင့် သရက်ခရိုင်အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုအား ကြည့်ရှုအားပေးကာ သရက်ခရိုင်အသင်းမှ (၄)ဂိုး (၃)ဂိုး ဖြင့် အနိုင်ရရှိခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား(၅)ခရိုင် အသက် (၁၆)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ ဆုပေးပွဲအခမ်းအနား ကျင်းပရာ ပွဲစဉ်တစ်လျှောက် အကောင်းဆုံး ဂိုးသမားဆု၊ အကောင်းဆုံးနောက်တန်း ကစားသမားဆု၊ အကောင်းဆုံး အလယ်တန်းကစား သမားဆု၊ အကောင်းဆုံးရှေ့တန်းဆု၊ အကောင်းဆုံး အားကစားသမားဆုနှင့် ပြိုင်ပွဲတွင် ဒုတိယဆုရရှိသော မင်းဘူးခရိုင်အသင်းနှင့် အနိုင်ရဗိုလ်စွဲ ခဲ့သော သရက်ခရိုင်အသင်းတို့အား တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက တစ်ဦးချင်းဆွဲပြားများ၊ ဆုကလပ်နှင့် ငွေသားဆုများအား အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
မောင်ညီညာ