မကွေး ၂၆ စက်တင်ဘာ
ရန်ကုန်တိုင်းဒေသကြီး၏ ကုသစောင့်ရှောက်မှုလုပ်ငန်းများ၌ ကူညီဆောင်ရွက်ရန် မကွေးတိုင်းမှ ကျန်းမာရေးဝန်ထမ်းများကို တတိယအကြိမ် စေလွှတ်လိုက်ကြောင်း မကွေးတိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာနက သိရသည်။
ပထအကြိမ်အဖြစ် စက်တင်ဘာ ၁၄ ရက်နေ့တွင် ၁၉ ဦး၊ ဒုတိယအကြိမ်အဖြစ် စက်တင်ဘာ ၂၂ ရက်နေ့တွင် ကျန်းမာရေးဦးစီးဌာန အရာရှိ ဆရာဝန် ၄ ဦး၊ ယနေ့ စက်တင်ဘာ ၂၆ ရက်နေ့တွင် တတိယအကြိမ်အဖြစ် ၃၀ ဦး စေလွှတ်ခဲ့ကြောင်း မကွေးတိုင်းပြည်သူ့ကျန်းမာရေး ဦးစီးဌာနက သိရသည်။
"ရန်ကုန်မှာက ပိုးတွေ့လူနာက များလာတယ်။ များလာတဲ့အတွက် ကုသစောင့်ရှောက်မှုပေးရတဲ့ နေရာသစ်တွေလည်း များလာတယ်။ ဒီနေရာတွေမှာ အားဖြည့်နိုင်ဖို့ ကျန်းမာရေး ဝန်ထမ်းတွေ စေလွှတ်ရတာပါ'' ဟု မကွေးတိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာခင်မောင်သန်းက ပြောသည်။
တတိယအကြိမ် စေလွှတ်သည့် မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ မေ့ဆေးအထူးကုဆရာဝန်(ဒုတိယနှစ် ဘွဲ့လွန်) ၁၀ ဦး၊ အထက်တန်းသူနာပြု၊သူနာပြု ၂၀ စုစုပေါင်း ၃၀ တို့မှာ ယနေ့ စက်တင်ဘာ ၂၆ရက် နံနက်ပိုင်းက မကွေးမြို့မှ ရန်ကုန်မြို့သို့ ထွက်ခွာသွားပြီဖြစ်ကြောင်း သိရသည်။
စက်တင်ဘာ ၁၄ ရက်နေ့မှ စက်တင်ဘာ ၂၆ ရက်နေ့အထိ မကွေးတိုင်းဒေသကြီးမှ ရန်ကုန်တိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်သို့ သွားရောက်တာဝန်ထမ်းဆောင်သည့် ကျန်းမာရေးဝန်ထမ်း ဦးရေ ၅၀ ကျော်ရှိပြီ ဖြစ်သည်။
ဇေယျတု (မကွေး)