မကွေး ၂၈  ဇွန် 

        
မကွေးတိုင်းဒေသကြီး၌ တည်းခိုအိပ်ခန်းပေါင်း (၁၀၈၃)ခန်း ပါဝင်သည့် ဟိုတယ်၊ မိုတယ် ၄၄ လုံး ရှိနေပြီး အစိုးရသစ်ကာလ၌ အာဆီယံအဆင့်မီ ဟိုတယ်ဆိုင်ရာ ဝန်ဆောင်မှုသင်တန်း (၅) ကြိမ်ဖွင့်လှစ်ခဲ့ကာ အဆင့်မီသင်တန်းသား (၄၄၀) ဦးထိ မွေးထုတ်နိုင်ခဲ့ကြောင်း မကွေးတိုင်းဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

        
“ဟိုတယ်တစ်ခုမှာ Infrastructure တွေ၊ ခေတ်မီပစ္စည်းတွေ ဘယ်လောက်ပဲသုံးသုံး လူလူချင်းဆက်ဆံတဲ့ ဝန်ဆောင်မှုမကောင်းရင် ရာနှုန်းပြည့်ကတော့ အောင်မြင်မှာမဟုတ်ဘူး။ ဒါ့ကြောင့် အခြေခံသင်တန်းသုံးမျိုးကတော့ ဟိုတယ်တွေမှာ လိုအပ်နေတဲ့အတွက် ဖွင့်လှစ်ရခြင်းဖြစ်တယ်။ သင်တန်းကာလက တစ်လပါ။ ဒီသင်တန်းတွေက အာဆီယံအဆင့်မီတယ်။ အာဆီယံအဆင့်ထိ ဘောင်ဝင်ပါတယ်။ နေပြည်တော်ဝန်ကြီးဌာနက Certificate ကို လက်မှတ်ထိုးပေးတာပါ” ဟု မကွေးတိုင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ တိုင်းဦးစီးမှူး ဦးမြင့်စိန်က ပြောသည်။

    
ပဉ္စမအကြိမ် ဟိုတယ်ဆိုင်ရာ ဝန်ဆောင်မှုသင်တန်းဆင်းပွဲကို ဇွန်လ ၂၈ ရက်နေ့ နံနက်ပိုင်းက နန်းထိုက်သူ ဟိုတယ်တွင် ပြုလုပ်ခဲ့ပြီး ဧည့်ကြို (Front Office) သင်တန်းသား (၂၇) ဦး၊ အိပ်ခန်းဆောင်ထိန်းသိမ်း (House Keeping) သင်တန်းသား (၄၀) ဦး၊ အစားအစာနှင့် အဖော်ယမကာ (စားပွဲထိုး) Food and Beverage သင်တန်းသား (၂၃) ဦး စုစုပေါင်း သင်တန်းဆင်းသူ (၉၀)ဦး ရှိခဲ့သည်။

        
“မိမိတို့ဆီကို လာရောက်တည်းခိုတဲ့ ပြည်တွင်းပြည်ပ အလွှာအသီးသီးက ဧည့်သည်တွေကို မွန်မြတ်မှန်ကန်တဲ့ နိုင်ငံကြီးသား စိတ်ဓါတ်နဲ့၊ ယဉ်ကျေးပျူဌာ ဖော်ရွှေစွာနဲ့ ဝန်ဆောင်မှုပေးပြီး အောင်မြင်တဲ့ဘဝအခြေအနေကို တက်လှမ်းနိုင်ရမယ်လို့ ယုံကြည်လက်ခံထားကြစေချင်ပါတယ်” ဟု မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စည်ပင်သာယာရေးဝန်ကြီး ဦးဇော်မင်းက သင်တန်းဆင်း မောင်မယ်များနှင့်ပတ်သက်၍ မှတ်ချက်ပြုပြောဆိုသည်။

        
ဌာနအနေဖြင့် ပြည်တွင်းပြည်ပ ခရီးသည်များအတွက် ခရီးသွားဒေသသစ် (Distination) များနှင့် လူထုအခြေပြု ခရီးသွားလုပ်ငန်း ဖော်ဆောင်ခြင်းများ လုပ်ဆောင်နေကြောင်း၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းသည် အလွန်သိမ်မွေ့သည့် ဝန်ဆောင်မှု လုပ်ငန်းဖြစ်ပြီး ဟိုတယ်လုပ်ငန်း (Service Industry) ထဲတွင် လုပ်ကိုင်နေကြသည့် ဝန်ထမ်းများ၏ အရည်အချင်း ပြည့်ဝစေရန် သင်တန်းများ ဖွင့်လှစ်နေခြင်းဖြစ်ကြောင်း မကွေးတိုင်းဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။


ဇေယျတု(မကွေး)

 

1