မကွေး ၁၇ စက်တင်ဘာ
မကွေးတိုင်းဒေသကြီးတွင် ဧပြီလ ၁၃ ရက်မှ စက်တင်ဘာ ၁၇ ရက် မနက် ၈နာရီထိ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့သူ ၁၅ ဦး ထိ ရှိလာပြီဖြစ်သော်လည်း ကိုဗစ်ရောဂါပိုး တွေ့သူများထဲ၌ သေဆုံးသူမရှိသေးကြောင်း မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သိရသည်။
မကွေးတိုင်းဒေသကြီးတွင် ပြည်ပပြန် (၃) ဦး (ထိုင်း ၂၊ မလေး ၁)၊ ရခိုင်ပြန် (၂) ဦး၊ ရန်ကုန်ပြန်(၁၀)ဦး တို့ထံမှ ကိုဗစ် ရောဂါပိုးများ တွေ့ရှိထားခြင်းဖြစ်သည်။
ယင်းတို့ထဲတွင် နတ်မောက်မြို့နယ်မှ(၄)ဦး၊ မြို့သစ််မြို့နယ်မှ(၂)ဦး၊ မကွေးမြို့နယ်မှ (၃)ဦး၊ တောင်တွင်းကြီးမြို့နယ်မှ (၁)ဦး၊ သရက် မြို့နယ်မှ (၁)ဦး၊ အောင်လံမြို့နယ်မှ (၁)ဦး၊ မြိုင် မြို့နယ်မှ (၁)ဦး၊ မင်းလှမြို့နယ်မှ(၁)ဦး နှင့် ပေါက်မြို့နယ်မှ(၁)ဦးတို့ ပါဝင်ကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သိရှိရသည်။
မကွေးတိုင်းတွင် Quarantine ထားရှိသူ ၂၇၀၀ ကျော်ရှိပြီး ဓါတ်ခွဲနမူနာများကို ကျန်းမာရေးဝန်ကြီးဌာနသို့ ပို့ဆောင် စစ်ဆေးပေးနေကြောင်း လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာခင်မောင်သန်းက ပြောသည်။
ယနေ့မနက်ပိုင်းတွင် မကွေးမြို့နယ် နှင့် ပေါက်မြို့နယ်တို့မှ positive လူနာနှစ်ဦး ထပ်တိုးလာခဲ့ပြီး မကွေးတိုင်း၌ ပိုးတွေ့ရှိခဲ့သော လူနာ ၁၅ ဦးထဲမှ ၄ဦးမှာ ထပ်မံစစ်ဆေးချက်အဖြေများ၌ ပိုးမတွေ့တော့၍ ဆေးရုံမှ ဆင်းခွင့်ပေးလိုက်ပြီဖြစ်ကြောင်း မကွေးတိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာနက သိရသည်။
မြန်မာနိုင်ငံတွင် စက်တင်ဘာ ၁၇ ရက်နေ့ မနက်ပိုင်းထိ Covid-19 ဓါတ်ခွဲအတည်ပြုလူနာ ၃၈၉၄ ဦးရှိပြီး ထပ်စစ်ရာ ပိုးမတွေ့တော့၍ ဆေးရုံဆင်းခွင့်ရသူ ၉၀၈ ဦး၊ သေဆုံးသူ ၄၆ ဦးရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
ဇေယျတု(မကွေး)


