ပူတာအို ၂၅ ဩဂုတ်
ကချင်ပြည်နယ်၊ ပူတာအိုခရိုင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက ကြီးမှူး၍ အာဖရိက၀က်အပြင်းဖျား ရောဂါနှင့်ကောင်းမွန်သော တိရစ္ဆာန်မွေးမြူရေးကျင့်စဉ်များအကြောင်း အသိပညာပေးဟောပြောပွဲကို ဩဂုတ် (၂၅)ရက် နံနက်(၉)နာရီက မချမ်းဘော့မြို့နယ်၊ နမ်ခမ်းကျေးရွာ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဟောပြောပွဲတွင် ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါက်တာစိုးလင်းက ကျေးလက် ဒေသ လူမှုစီးပွားဘ၀မြင့်မားရေး၌ ၀က်မွေးမြူရေး၏ အရေးပါပုံများ၊ ၀က်မျိုးကောင်းမျိုးသန့်များနှင့် အစာအာဟာရကျွေးမွေးခြင်းများ၊ ကူးစက်ရောဂါ ကြိုတင်ကာကွယ်ခြင်းများ၊ ၀က်များတွင်ဖြစ်တတ်သော သံလုံးကောင်ရောဂါနှင့် အာဖရိက၀က်အပြင်းဖျားရောဂါတို့၏ သိကောင်းစရာများ ကျွဲ၊ နွားလည်ချောင်းကွဲ ရောဂါနှင့်ပတ်သက်၍ သိသင့်သည်များကို အသိပညာပေးဟောပြောခဲ့သည်။
အဆိုပါအခမ်းအနားတွင် တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ်ခြင်းနှင့်ပတ်သက်သော အသိပညာပေး လက် ကမ်းစာစောင်နှစ်မျိုးကို ဖြန့်ဝေပေးခဲ့ပြီး အခမ်းအနားကို ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၏ Covid-19 ရောဂါကြိုတင်ကာကွယ်ရေး အမိန့်ညွှန်ကြားချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ရာ နမ်ခမ်းကျေးရွာမှ မွေးမြူရေး ကိုစိတ်ပါ၀င်စားသူ ပြည်သူ(၂၆)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
အလားတူ ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနအနေဖြင့် အာဖရိက၀က်အပြင်းဖျားရောဂါနှင့် ကောင်းမွန်သော တိရစ္ဆာန်မွေးမြူရေးကျင့်စဉ်များအကြောင်း အသိပညာပေးဟောပြောများကို မချမ်းဘော့မြို့နယ် ဆင်လွမ်ဒမ်း ကျေးရွာ၊ပူတာအိုမြို့နယ် ဇီဒမ်းကျေးရွာ၊ ဆွမ်ပရာဘွမ်မြို့နယ် ခင်ဒူယာန်ကျေးရွာများတွင်လည်း ယခုလ အတွင်း ကွင်းဆင်းအသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။
ဖုန်ကန်(ပြန်/ဆက်)


