မချမ်းဘော့ ၉ ဇူလိုင်
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC)နှင့် မြို့နယ်ကြက်ခြေနီအသင်းတို့ ပူးပေါင်းမှုဖြင့် ပထမဆုံးအကြိမ် ဖွင့်လှစ်သော အခြေခံရှေးဦးပြုစုသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီတွင် မချမ်းဘော့မြို့နယ် ဂူဘားခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည်သိမ်းက အဖွင့်အမှာစကား ပြောကြားပြီး အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီမှ ရှေးဦးပြုစုခြင်းဌာန ကိုယ်စားလှယ် Mr.ဂွန်စာလိုကသင်တန်းတွင်ပို့ချမည့် ဘာသာရပ်များနှင့်ပတ်သက်၍ ရှင်းလင်းခဲ့ကာ မြို့နယ်ကြက်ခြေနီကော်မတီဥက္ကဌ ဦးဆန်နိုင်ဖေရမ်းက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များနှင့် ယခုသင်တန်းသည် မိမိတို့ဒေသ၌ ပထမဆုံးအကြိမ် ဖွင့်လှစ်သော သင်တန်းဖြစ်သောကြောင့် သေချာသင်ယူပြီး တတ်မြောက်ထားသော ပညာများဖြင့် အများပြည်သူအကျိုးပြုဂရုဏာလုပ်ငန်းများတွင် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားသည်။
အဆိုပါသင်တန်းတွင် ရှေးဦးပြုစုခြင်းဆိုင်ရာ ပညာရပ်များကို ဇူလိုင်(၉)ရက်မှ (၁၂)အထိ သင်ကြားပို့ချသွားမည်ဖြစ်ပြီး မြို့ပေါ်ရပ်ကွက်၊ ကျေးရွာများမှ အသင်းသူ အသင်းသားများ၊ စိတ်ဝင်စားကြသော လူငယ်မောင်မယ်များ (၃၅)ဦးတက်ရောက်ကြကြောင်း သိရသည်။
ခွန်လင်းဦး (မြို့နယ်ပြန်/ဆက်)


