မက်မန်း ၂၃ ဇူလိုင်
ရှမ်းပြည်နယ်(အရှေပိုင်း)၊ ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းမြို့ ထေရဝါဒတောင်တန်း သာသနာပြုပညာဒီပ ဘုန်းတော်ကြီးကျောင်းတိုက် ဆရာတော်မဟာသဒ္ဓမ္မဇောတိကဓဇ၊ ဘဒ္ဒန္တစန္ဒာသီရိ၏ (၅၉)နှစ်ပြည့် ဝိဇာတမွေးနေ့ပွဲနှင့် ၂၀၁၈−၂၀၁၉ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူ(၃)ဦးတို့အား ဂုဏ်ပြုချီးမြှင့်ပွဲကို (၂၁.၇.၂၀၁၉) ရက်နေ့ ၉ နာရီက မက်မန်းမြို့ပညာဒီပကျောင်းတိုက်တွင် ကျင်းပသည်။
ရှေးဦးစွာ ပညာဒီပကျောင်းတိုက်ဆရာတော်ကြီး၏ ဝိဇာတမွေးနေ့ မင်္ဂလာအခမ်းအနား ဆောင်ရွက်ပြီး ကြွရောက်လာကြသော သံဃာတော်အရှင်သူများထံမှ တရားတော်နာကြားပြီး အန္တရာယ်ကင်း ပရိတ်တရား ရွတ်ဖတ်ပူဇော်ပြီး နေ့ဆွမ်းဆက်ကပ်ကြသည်။
ဆက်လက်ပြီး နေ့လည် (၁)နာရီအချိန်တွင် ပညာဒီပကျောင်းတိုက်ဆရာတော် ဦးဆောင်သော သံဃာတော်များက တက္ကသိုလ်ဝင်တန်းအောင် ရှင်သာမဏေတစ်ပါးနှင့် ကျောင်းသားကျောင်းသူ (၂)ဦးတို့အား ဂုဏ်ပြုလက်ဆောင်ချီးမြှင့်သည့် အခမ်းအနား ကျင်းပရာ မက်မန်းခရိုင်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ အမှတ်(၁၀၁၀) တပ်ရင်းမှူး ဗိုလ်မှူးစိုင်းယီ၊ ဒေသခံပြည်သူများနှင့် စေတနာရှင်ပြည်သူများ တက်ရောက်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
MDN


