ရန်ကုန် ၂၆ နိုဝင်ဘာ
ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ကာကွယ်၊ ထိန်းချုပ် နိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ဦးဆောင်ကာ မျက်နှာအကာနှင့် နှာခေါင်းစည်း မဖြစ်မနေတပ်ဆင်ရေး လူထုလှုပ်ရှားမှုကို ယနေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး အောင်မင်္ဂလာ အဝေးပြေးကားဝင်းတွင် ပြုလုပ်သည်။
ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေး ဦးစီးဌာန ဒုတိယညွန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့် က “ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ မျက်နှာအကာ နဲ့ နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ရေး လူထုလှုပ်ရှားမှု ဆောင်ရွက်တာ ရက်အတန်အသင့် ရှိပါပြီ။ ပြည်သူလူထုအနေနဲ့ Mask နဲ့ Face shield တပ်တဲ့ အလေ့အထ ရသွားမယ်ဆိုတဲ့ အပြုအမူအထိ ရောက်အောင် ဆောင်ရွက်သွားကြရမှာ ဖြစ်ပါတယ်။ Mask နဲ့ Face shield တပ်တဲ့ အလေ့အထကို ပြည်သူလူထု ရသွားရင် ဒီလူထုလှုပ်ရှားမှုက အောင်မြင်တယ်လို့ ပြောလို့ရပါတယ်” ဟု ပြောသည်။
ကိုဗစ်-၁၉ ရောဂါကြောင့် အောင်မင်္ဂလာ အဝေးပြေးကားဝင်းတွင် ခရီးသည် ပို့ဆောင် ရေးယာဉ်များ ပြေးဆွဲမှုမရှိသော်လည်း ကုန်ပစ္စည်းတင်ပို့မှုများရှိနေသဖြင့် ကုန်ပစ္စည်းလာပို့သူများ၊ ယာဉ်လိုင်းများမှ ဂိတ်မှူးများနှင့် ဝန်ထမ်းများအား Mask နှင့် Face shield များ ဝေငှခဲ့ပြီး မဖြစ်မနေ တပ်ဆင်ရန် အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု လျော့ချနိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီးတွင် Mask အခုရေ တစ်သန်းနှင့် Face shield အခုရေ တစ်သိန်း ထောက်ပံ့ပေးထားကြောင်း ပြည်သူ့ကျန်းမာရေးနှင့်ကုသရေး ဦးစီးဌာနက သိရသည်။
ယနေ့ ပြုလုပ်သည့် မျက်နှာအကာနှင့် နှာခေါင်းစည်း မဖြစ်မနေတပ်ဆင်ရေး လူထု လှုပ်ရှားမှုတွင် ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန နှင့်အတူ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့် လူမှုရေးအဖွဲ့အစည်းများကလည်း ပူးပေါင်း ပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
(သတင်းနှင့်ဓာတ်ပုံ/မင်းသစ်(MNA)


