ရန်ကုန် ဇွန် ၁၆


မလေးရှားချန်ပီယံရှစ် ပြေးခုန်ပစ်ပြိုင်ပွဲကို ဇွန် ၁၅ ရက်က မလေးရှားနိုင်ငံ ဆာရာဝပ်မြို့၌ကျင်းပရာ မြန်မာပြေးခုန်ပစ်အဖွဲ့ ရွှေတံဆိပ် စတင်ဆွတ်ခူးရရှိပြီး မြန်မာလမ်းလျှောက် အားကစားမယ် ဇင်မေထက်က ဆွတ်ခူးရရှိခဲ့ခြင်း ဖြစ်သည်။

မီတာ  ၂၀၀၀၀   အမျိုးသမီး လမ်းလျှောက်ပြိုင်ပွဲတွင် ဇင်မေထက်(မြန်မာ)က ၁ နာရီ  ၅၅ မိနစ်   ၀၅  ဒသမ ၁၃ စက္ကန့်ဖြင့် ရွှေတံဆိပ်၊ ဟူဆင် (Wil Persek-utuan၊ မလေးရှား)  က  ၂  နာရီ  ၁ မိနစ်၊ ၄၆ ဒသမ ၇၇ စက္ကန့်ဖြင့် ငွေတံဆိပ်၊  လီဘင်ရင် (ပါဟန်း၊ မလေးရှား) က  ၂ နာရီ  ၆   မိနစ်  ၅၂ ဒသမ ၉၁ စက္ကန့်ဖြင့်  ကြေးတံဆိပ်ရရှိသည်။   အမျိုးသမီး လမ်းလျှောက်ပြိုင်ပွဲတွင် ကစားသမား ၁၉ ဦး ဝင်ရောက်ယှဉ်ပြိုင်ပြီး    မြန်မာ့လက်ရွေးစင် လမ်းလျှောက်မယ်  ဇင်မေထက်က  ရွှေတံဆိပ်ရ ခဲ့ခြင်း ဖြစ်သည်။   

ငွေတံဆိပ်ရခဲ့သည့် မလေးရှား အားကစားသမားသည် ပြီးခဲ့သည့် ဆီးဂိမ်းပြိုင်ပွဲတွင် ငွေတံဆိပ်ရရှိ ခဲ့သူဖြစ်သည်။

အိမ်ရှင်မလေးရှား ပြေးခုန်ပစ်အဖွဲ့သည်  လက်ရွေးစင်ကစားသမားများ အပါအဝင်ကစားသမား အင်အား  အများအပြားဖြင့် ဝင်ရောက်ယှဉ်ပြိုင်ပြီး ကစားသမားများအနေဖြင့်  မလေးရှားနိုင်ငံရှိ    မြို့များ ကိုယ်စားပြုယှဉ်ပြိုင်ခြင်းဖြစ်သည်။ 

မလေးရှား ချန်ပီယံရှစ်ပြေးခုန်ပစ်ပြိုင်ပွဲတွင် အာရှနိုင်ငံများအပြင် ဥရောပနှင့် လက်တင်အမေရိက နိုင်ငံများမှ ကစားသမားများ ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသည်။

မြန်မာပြေးခုန်ပစ်အဖွဲ့သည် ယင်းပြိုင်ပွဲတွင် လမ်းလျှောက်ကစားသမား နှစ်ဦးဖြင့် ဝင်ရောက်  ယှဉ်ပြိုင်ခြင်းဖြစ်ပြီး မီတာ ၂၀၀၀၀ အမျိုးသမီးလမ်းလျှောက်ပြိုင်ပွဲတွင် ဇင်မေထက်က ရွှေတံဆိပ် ဆု ရရှိခဲ့ခြင်း ဖြစ်သည်။

မြန်မာပြေးခုန်ပစ်အဖွဲ့တွင် အုပ်ချုပ်/နည်းပြအဖြစ် ဦးထွန်းတင် ဆီးဂိမ်းလမ်းလျှောက် ရွှေတံဆိပ် ဆုရှင်ဟောင်း)၊ ကစားသမားများအဖြစ် ပြည့်ဖြိုးထွန်းနှင့် ဇင်မေထက်တို့ ပါဝင်ကြသည်။

အမျိုးသား မီတာ ၂၀၀၀၀ လမ်းလျှောက်ပြိုင်ပွဲကို ဇွန် ၁၆ ရက်(ယနေ့)တွင် ဆက်လက်ကျင်းပ မည်ဖြစ်ပြီး  မြန်မာကစားသမား ပြည့်ဖြိုးထွန်းယှဉ်ပြိုင်မည်ဖြစ်သည်။
    
ညီမြတ်သော်တာ 
ဓာတ်ပုံ-ကိုထွန်း