နေပြည်တော်  ၅  နိုဝင်ဘာ 

ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံမှုကာကွယ်၊ ထိန်းချုပ်ရေးဆိုင်ရာ ကန့်သတ်ချက်များနှင့် နိုင်ငံတကာ ခရီးသည်တင် လေယာဉ်များ ယာယီရပ်ဆိုင်းထားမှုကြောင့် မလေးရှားနိုင်ငံတွင် အကြောင်းအမျိုးမျိုးဖြင့် အခက်အခဲကြုံတွေ့ နေရသည့် မြန်မာနိုင်ငံသားများ (ထိန်းသိမ်းခံမြန်မာနိုင်ငံသားများ၊ အလုပ်လက်မဲ့ဖြစ်နေသည့် တရားဝင် မြန်မာအလုပ်သမားများ၊ အထောက်အထားမဲ့/ တရားမဝင်မြန်မာနိုင်ငံသားများ၊ မြန်မာသင်္ဘောသားများ)ကို မြန်မာနိုင်ငံ သို့ ပြန်နိုင်ရေး ဆောင်ရွက်ပေးလျက်ရှိရာ နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ကွာလာ လမ်ပူမြို့ရှိ မြန်မာသံရုံးတို့နှင့် ပူးပေါင်းညှိနှိုင်းလျက် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက် ရှိသည်။ 

ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာတွင် မလေးရှားနိုင်ငံ၌ အကြောင်းအမျိုးမျိုးဖြင့် ပြစ်ဒဏ်ကျခံပြီးနောက် ထိန်းသိမ်း ခံထားရသော မြန်မာနိုင်ငံသား (၆၈၄)ဦးအား မလေးရှားနိုင်ငံ အစိုးရအစီအစဉ်ဖြင့် ယနေ့တွင် Malaysia Airlines စင်းလုံးငှားအထူးလေယာဉ်(၃)စီး ပျံသန်းပြေးဆွဲလျက် ပြန်လည်ပို့ဆောင်နိုင်ရေး ညှိနှိုင်းဆောင်ရွက်ခဲ့ရာ မွန်းလွဲ ၃ နာရီခွဲတွင် (၁၂၈)ဦး၊ ညနေ ၅ နာရီတွင် (၂၇၇)ဦးနှင့် ညနေ ၆ နာရီတွင် (၂၇၉)ဦးတို့သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့  ပြန်လည်ရောက်ရှိခဲ့ပြီး သက်ဆိုင်ရာ တာဝန်ရှိသူများက လွှဲပြောင်းလက်ခံခဲ့သည်။ 

အဆိုပါထိန်းသိမ်းခံ မြန်မာနိုင်ငံသားများအား မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်နိုင်ရေးအတွက် သက်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ နိုင်ငံသားမှန်ကန်မှုစိစစ်၍ မြန်မာသံရုံး၊ ကွာလာလမ်ပူမြို့မှ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်( Certificate of Identity- C of I) ထုတ်ပေးခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ မလေးရှားနိုင်ငံရှိ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံး၊ မြန်မာ နိုင်ငံရှိ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့တို့နှင့် ပူးပေါင်းညှိနှိုင်းလျက် ဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်သည်။ ထို့ပြင် ၎င်းတို့အတွက် လိုအပ်သည့် အဝတ်အထည်နှင့် အသုံးအဆောင်ပစ္စည်းများအား ပံ့ပိုးရရှိရေးအတွက် ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးအနေဖြင့် မလေးရှားနိုင်ငံရှိ မြန်မာလူမှုအဖွဲ့အစည်းများ၊ မြန်မာပရဟိတအဖွဲ့များနှင့် ချိတ်ဆက်ဆောင်ရွက်ပေးခဲ့သည်။ 

ဖော်ပြပါထိန်းသိမ်းခံ မြန်မာနိုင်ငံသားများ လိုက်ပါစီးနင်းလာသည့် စင်းလုံးငှားအထူးလေယာဉ် ဆိုက်ရောက် ပျံသန်းရေးဆိုင်ရာကိစ္စရပ်များအား ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနကလည်းကောင်း၊ ၎င်းတို့ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိချိန်တွင် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ကိစ္စရပ်များအား အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက လည်းကောင်း၊ ကျန်းမာရေး စိစစ်ရေးနှင့် သီးသန့်စီစဉ်ပေးသည့် နေရာများ၌ အသွားအလာကန့်သတ်မှု(၇)ရက်နှင့် နေအိမ်တွင် အသွားအလာကန့်သတ်မှု(၇)ရက် နေထိုင်စေရေးတို့ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့ကလည်းကောင်း၊ သက်ဆိုင်ရာ အခန်းကဏ္ဍအလိုက် အသီးသီးတာဝန်ယူ ဆောင်ရွက်ပေးခဲ့ကြသည်။ 

သို့ဖြစ်ရာ နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးနှင့် ညှိနှိုင်းပေါင်းစပ်လျက် မလေးရှား နိုင်ငံတွင် အကြောင်းအမျိုးမျိုးဖြင့် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား(၄,၈၉၁)ဦးအား ကယ်ဆယ်ရေး/ အထူးလေယာဉ်များ(၂၉)ကြိမ်တိုင်တိုင် ပျံသန်းပြေးဆွဲလျက် မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ခဲ့ပြီးဖြစ်ရာ ၎င်းတို့ အနက် ထိန်းသိမ်းခံ မြန်မာနိုင်ငံသား (၁,၄၇၂)ဦးပါဝင်ကြောင်း သိရသည်။

သတင်းစဉ်