မင်းတပ် ၁၃ မေ
မင်းတပ်မြို့တွင် မလေးရှားနိုင်ငံမှ ပြန်လည်ရောက်ရှိလာသူ (၆) ဦးအား သတ်မှတ်နေရာများ၌ အသွားအလာ ကန့်သတ်စောင့်ကြည့်သွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ မလေးရှားနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသူ ကျား (၄ )ဦး၊ မ (၂) ဦးတို့မှာ အရှေ့ပြင်ရပ်ကွက်၊ ကြုံလောင်းကျေးရွာ၊ ကြာလေလှိုင်းကျေးရွာနှင့် ဝေလောင်းကျေးရွာမှ ပြည်သူများဖြစ်ပြီး ၎င်းတို့ကို မင်းတပ်မြို့ လူငယ်သင်တန်းကျောင်း အမှတ် (၁) နှင့် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းတို့တွင် Facility Quarantine (၂၁) ရက် ထားရှိသွားမည်ဖြစ်ကြောင်း သိရသည်။
၎င်းတို့ (၆)ဦးအား ကျန်းမာရေးဝန်ထမ်းများနှင့် မင်းတပ်ခရိုင် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ အဖွဲ့ဝင်များ ပူးပေါင်း၍ ကျန်းမာရေး စစ်ဆေးပေးခြင်းနှင့် ကိုယ်အပူချိန် တိုင်းတာခြင်းကို ယမန်နေ့ ညနေ ၄ နာရီက မြို့အဝင်ဂိတ်၌ ဆောင်ရွက်ခဲ့သည်။
မင်းတပ်ခရိုင် ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ဒေါက်တာဇော်ဝင်းနိုင် က “မင်းတပ်မြို့ လူငယ်သင်တန်း ကျောင်း အမှတ်(၁)မှာ အသွားအလာ ကန့်သတ်ထားရှိတဲ့ တရုတ်နိုင်ငံကနေ ပြန်လာသူ ၁၁ ဦးမှာ ကိုဗစ်−၁၉ ရောဂါပိုး မရှိကြောင်း ဓာတ်ခွဲအဖြေထွက်ခဲ့ပေမယ့် သတ်မှတ်ထားတဲ့ Quarantine (၂၁) ရက်ပြည့်အောင် နေရမှာပါ” ဟု ပြောသည်။
မင်းတပ်မြို့၌ ည ၁၀ နာရီမှ နံနက် ၄ နာရီအတွင်း ညမထွက်ရအမိန့်ကို ဧပြီ ၂၈ ရက်တွင် စတင်ထုတ်ပြန်ထားပြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ အဖွဲ့ဝင်များနှင့် လူမှုရေးအသင်းများ ပူးပေါင်း၍ မြို့တွင်း အသွားအလာများကို ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဆလိုင်းအောင်(ပြန်/ဆက်)


