နေပြည်တော်  ၁၅   ဩဂုတ်

 

နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် အခက်အခဲကြုံတွေ့ နေရ သည့်  မလေးရှားနိုင်ငံ၊ ပီနန်းမြို့ရှိ အထည်ချုပ်စက်ရုံများမှ မြန်မာအလုပ်သမား ၁၇၀ အတွက် မြန်မာသံရုံး၊ ကွာလာလမ်ပူမြို့နှင့် ၎င်းတို့၏ ကုမ္ပဏီများမှ ပူးပေါင်းစီစဉ်မှု ဖြင့် မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (MAI) စင်းလုံးငှား အထူးလေယာဉ်အား ပြေးဆွဲခဲ့သည်။ အဆိုပါ ကယ်ဆယ်ရေးအထူးလေယာဉ်သည် ယနေ့ မွန်းလွဲပိုင်း တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိကြသည်။


 
၎င်းတို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိချိန်တွင် လူဝင်မှုကြီးကြပ်ရေး၊ ကျန်းမာရေးစိစစ်ရေးနှင့် (၂၁)ရက်တာ အသွားအလာကန့်သတ်နေထိုင်ရေးတို့ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့မှ သက်ဆိုင်ရာအခန်း ကဏ္ဍ အလိုက် တာဝန်ယူဆောင်ရွက် ပေးခဲ့သည်။ 

 

ဆက်လက်၍ မလေးရှားနိုင်ငံရောက် အထောက်ထားမဲ့ မြန်မာနိုင်ငံသားများနှင့် အကြောင်းအမျိုးမျိုးကြောင့် မလေးရှားနိုင်ငံရှိ ထိန်းသိမ်းရေးစခန်းများတွင် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည့်  မြန်မာနိုင်ငံသားများအား နိုင်ငံသား ဖြစ်တည်မှုမှန်ကန်ကြောင်း အထောက်အထားများ စိစစ်လျက် မြန်မာနိုင်ငံသို့ ကယ်ဆယ်ရေးလေယာဉ်များဖြင့် ဆောလျင်စွာ ပြန်လည်ခေါ်ဆောင်နိုင်ရေးအတွက် နိုင်ငံခြားရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုများနှင့်အညီ မြန်မာသံရုံး၊ ကွာလာလမ်ပူမြို့အနေဖြင့် မလေးရှားနိုင်ငံရှိ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် နီးကပ်စွာ ပူးပေါင်းညှိနှိုင်းဆောင်ရွက် လျက်ရှိကြောင်းကိုလည်း သိရသည်။ 

 

သတင်းစဉ်