ရန်ကုန်၊ ဇန်နဝါရီ ၂၉

မလေးရှားနိုင်ငံ၌ မြေပြိုသဖြင့် သေဆုံးခဲ့သော မြန်မာနိုင်ငံသား ငါးဦးအနက် ပျောက်ဆုံး နေသူ သုံးဦး၏ အလောင်းကို ဇန်နဝါရီ ၂၇ ရက် ညနေပိုင်းက ထပ်မံတွေ့ရှိခဲ့ကြောင်း မြန်မာလူမှုကူညီရေး အသင်း (မလေးရှား) ထံမှ သိရသည်။

မလေးရှားနိုင်ငံ Pahang ခရိုင် Cameron Highlands ဒေသရှိ စိုက်ခင်းတစ်ခုတွင် အလုပ်လုပ်ကိုင်နေသည့် မင်းတပ်မြို့မှ ချင်းတိုင်းရင်းသား ငါးဦးသည် ဇန်နဝါရီ ၂၅ ရက် ည ၈ နာရီဝန်းကျင်၌ ဖြစ်ပွားခဲ့သည့် မြေပြိုမှုကြောင့် သေဆုံးခဲ့ခြင်းဖြစ်ပြီး နှစ်ဦး၏ အလောင်းကို ဇန်နဝါရီ ၂၆ ရက်က တွေ့ရှိ ခဲ့သည်။

“ ဒီငါးဦးရဲ့ အလောင်းကို ဇန်နဝါရီ ၂၅ ရက် မှာ မလေးရှား ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ဒေသခံလူတွေရဲ့ ကူညီမှုတွေနဲ့ ရှာဖွေတဲ့အခါမှာ နှစ်လောင်းကို တွေ့ရှိခဲ့ပါတယ်။ ဆက်လက် ရှာဖွေခဲ့ရာမှာတော့ ဇန်နဝါရီ ၂၇ ရက် ညနေပိုင်းမှာ သုံးလောင်းထပ်တွေ့ပါတယ်။ သင်္ဂြိုဟ်ဖို့အတွက် DNA စစ်ချက်တွေယူပြီး နာရေးကိုတော့ Cameron Highlands မှာရှိတဲ့ ဆေးရုံကြီးမှာထားရှိကာ ဆေးစစ်ချက်မှာ အဖြေရပြီဆိုတာနဲ့ ငါးလောင်းစလုံးကို ခရစ်ယာန်ဘာသာဝင်တွေရဲ့ ထုံးစံအတိုင်း မြေမြှုပ်ပြီး သင်္ဂြိုဟ်ပါမယ်” ဟု မြန်မာလူမှု ကူညီရေးအသင်း (မလေးရှား) တာဝန်ရှိသူ တစ်ဦးက ပြောသည်။

မလေးရှားနိုင်ငံတွင် မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုကြောင့် မြန်မာနိုင်ငံသား သောင်းနှင့်ချီ အလုပ်လုပ်နေသော အဆိုပါဒေသတွင် မြေပြိုမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

“ ဒီဒေသမှာ အလုပ်လုပ်နေတဲ့သူတွေအနေနဲ့ အလုပ်ပြီးတဲ့အခါမှာ နီးစပ်ရာ တောင်ခြေတွေမှာ မနေဘဲနဲ့ ဘေးလွတ်တဲ့ နေရာတွေမှာနေရင် အသက်အန္တရာယ် ကင်းရှင်းနိုင်ပါတယ် ’’ ဟု အဆိုပါ တာဝန်ရှိသူကရှင်းပြသည်။  

သစ်တော်