မလှိုင် ၂၁ မေ
မလှိုင်မြို့နယ်အတွင်း တရားမဝင်ရောင်းချနေသော စက်သုံးဆီအရောင်းဆိုင်လုပ်ငန်းရှင်များကို ရေနံနှင့် ရေနံထွက်ဆိုင်ရာ ဥပဒေနှင့်ပတ်သက်၍ အသိပညာပေးဟောပြောခြင်းကို ယနေ့နံနက် ၁၀ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။
ပညာပေးဟောပြောပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးငွေဒိုးက တရားမဝင် စက်သုံးဆီအရောင်းဆိုင် ဖွင့်လှစ်ရောင်းချမှုနှင့် ပတ်သက်၍ တိုင်းဒေသကြီး အစိုးရအဖွဲ့၏ အစည်းဝေးမှတ်တမ်း (၁၁/၂၀၁၉)ဆုံးဖြတ်ချက် အပိုဒ် ၂(ခ)အရ မြို့နယ်များတွင် တရားမဝင်စက်သုံးဆီရောင်းချနေမှုအား ရေနံနှင့် ရေနံထွက်ဆိုင်ရာ ဥပဒေနှင့်ပတ်သက် ၍ အသိပညာပေးကာလ(၃)လသတ်မှတ်၍ ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နှင့် အသိပညာပေး ကာလကုန်ဆုံးသွားပါက ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေနှင့်အညီ ဖမ်းဆီးအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း လုပ်ငန်းရှင်များအား အသိပေးရှင်းလင်းပြောကြားခဲ့သည်။
ယင်းနောက် မြို့နယ်ဥပဒေအရာရှိ ဒေါ်ယုမွန်ကျော်က ရေနံနှင့် ရေနံထွက်ဆိုင်ရာ ဥပဒေများအကြောင်းကို ရှင်းလင်းပြောကြားပြီး အရေးယူခံရနိုင်သည့် ပြစ်မှုပြစ်ဒဏ်များအကြောင်းကို ပြောကြားခဲ့သည်။ တဆက်တည်း မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်နိုင်က ရေနံနှင့် ရေနံထွက်ဆိုင်ရာ ဥပဒေနှင့်ပတ်သက်၍ အသိပညာပေးကာလ(၃)လ သတ်မှတ်ထားပါကြောင်း ပညာပေးကာလကျော်လွန်သွားလျှင် ဖမ်းဆီးအရေးယူသွားမည်ဖြစ်ကြောင်း အသိပေးပြောကြားပြီး မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇေယျာအောင်က မီးဘေးကြိုတင်ကာကွယ်ရေးအကြောင်း ဟောပြောခဲ့သည် ။
မလှိုင်မြို့နယ်တွင် တရားမဝင်စက်သုံးဆီရောင်းချနေမှုနှင့် ပတ်သက်၍ (၂၁.၅.၂၀၁၉ မှ ၁၈.၈.၂၀၁၉ )ထိကို ပညာပေးကာလသတ်မှတ်ပြီး သတ်မှတ်ကာလကျော်လွန်သွားလျှင် တရားမဝင်စက်သုံးဆီရောင်းချနေမှုကို ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေနှင့်အညီ ဖမ်းဆီးအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည် ။
အောင်ဌေး(မလှိုင်)