မလှိုင် ၁၅ ဇူလိုင်
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန က ကန္တာရနှံကောင် (Locust )နှင့် ပတ် သက်၍ အသိပညာပေး ဆွေးနွေးခြင်းကို ဇူလိုင် ၁၄ ရက်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီး ဌာန အစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အသိပညာပေး ဆွေးနွေးပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးက အဖွင့်အမှာစကားပြောကြားပြီး စိုက်ပျိုးရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဦးစန်းယုက ကန္တာရနှံကောင်၏ ရုပ်သွင်ပြင်လက္ခဏာများ အကြောင်းကိုရှင်းပြ၍ ကန္တာရနှံကောင်သည် ကီလိုမီတာပေါင်းများစွာ အုပ်စုလိုက်ပျံသန်းနိုင်ပြီး သီးနှံမျိုးစုံကို တစ်ခဏအတွင်း အားလုံးကုန်အောင် ဖျက်ဆီးနိုင်သဖြင့် မြန်မာနိုင်ငံနှင့် နယ်နမိတ်ခြင်း ထိစပ်နေသော နိုင်ငံများမှတဆင့် မိမိတို့နိုင်ငံသို့ ရောက်မလာမီ ကြိုတင်သတိထား ပြင်ဆင်ထားရန် အသိပေး ဆွေးနွေးခဲ့ပြီး တွေ့ရှိပါက စိုက်ပျိုးရေးဦးစီးဌာနသို့ သတင်းပေးပို့ရန်မှာ ကြားခဲ့သည် ။
ထို့နောက် ကန္တာရနှံကောင်၏ အန္တရာယ်ကို ကာကွယ်ရန် မပေါက်ပွားမီ အချိန်နှင့် ကြီးပြင်းဆဲ အချိန်များတွင် သုတ်သင်ရှင်းလင်းရန် ၊ နှံကောင်လာမည့်လမ်းတွင် ကျင်းနက်နက်တူးပြီး ကျင်းထဲ ကျလာသော အကောင်ကို မြေဖို့ခြင်း ၊မီးရှို့ခြင်း ၊ ဉ ချချိန်တွင် ထယ်ထိုးထွန်ယက်ခြင်း ၊ တမာ ပိုးသတ် ဆေးဖျန်းခြင်း ၊ ကြက်သွန်ဖြူပိုးသတ်ဆေးဖျန်းခြင်း ၊ ငှက်နားကိုင်းများ ပြုလုပ်ပေးခြင်း စသည့် အချက်(၈) ချက်ကို အသိပေးရှင်းလင်းဆွေးနွေးခဲ့သည် ။
အဆိုပါ ပညာပေးဆွေးနွေးကို ဌာနဆိုင်ရာများနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ လုပ်ငန်းညှိနှိုင်း စည်းဝေး တွင် ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း သိရသည် ။
အောင်ဌေး(မလှိုင်)


