မလှိုင် ၇ နိုဝင်ဘာ

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်တွင် ၂ဝ၂ဝ ပြည့်နှစ်၊ နိုဝင်ဘာ(၈)ရက်နေ့၌ ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အသုံးပြုမည့် ဆန္ဒမဲလက်မှတ်နှင့် လက်သန်းတို့ မင်ဘူးများ ဖြန့်ဝေခြင်းကို ယမန်နေ့နံနက်ပိုင်းက အဖွဲ့(၅)ဖွဲ့ခွဲ၍ လမ်းကြောင်း(၅) ကြောင်းဖြင့် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါနေ့က မြို့နယ်ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များသည် ရွေးကောက်ပွဲတွင် အသုံးပြုမည့် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော် ဆန္ဒမဲလက်မှတ်များနှင့် မဲရုံများတွင် အသုံးပြုမည့် လက်သန်းတို့ မင်ဘူးများကို  ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်များအဖွဲ့ထံ ထုတ်ပေးခဲ့ပြီး  မဲရုံများတွင် အသုံးပြုမည့် မဲပုံး၊ လုံခြုံရေးကြိုး၊ ချိပ်တောင့်၊ မဲရုံမှူးတံဆိပ်၊ စာအိတ်၊ လည်ဆွဲကပ်၊ ထို့အပြင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံး ပစ္စည်းများဖြစ်သည့် PPE ဝတ်စုံ၊ လက်သန့်စင်ဆေးရည်၊ နှာခေါင်းဖုံးနှင့်မျက်နှာ ဖုံးအကာ (Face Shieid) များ၊ လက်အိတ်များကို ကြိုတင်ဖြန့်ဝေထားပြီး ဆန္ဒမဲလက်မှတ်များနှင့် လက်တို့မင်ဘူးများကို နောက်ဆုံးထားထုတ်ပေးခြင်း ဖြစ်သည်။

 

မလှိုင်မြို့နယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ၊ အခြေခံလူတန်းစားဘဝ မြင့်မားရေးပါတီတို့ ပါဝင်ယှဉ်ပြိုင် ကြမည်ဖြစ်ပြီး မဲရုံစုစုပေါင်း (၂၁ဝ)ရှိ၍  ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ လူဦးရေစုစုပေါင်းမှာ (၁၂၂၁၉၁) ဦး ရှိကြောင်း သိရသည်။ 

အောင်ဌေး (မလှိုင်)