မလှိုင် ၂၉ ဇူလိုင်

 

မလှိုင်မြို့နယ်ရှိ ကြက်သွန်စိုက် တောင်သူများအနေဖြင့် ဈေးပိုမိုရရှိရန် မျှော်လင့်လျက်ရှိကြောင်း ကြက်သွန်စိုက် တောင်သူများထံမှ သိရသည်။

 

ကြက်သွန်သည် “ပျိုးထောင်ချိန် (၄၅) ရက်ကြာမြင့်ပြီး ပျိုးကိုစတင်စိုက်ပျိုးချိန်မှာ အလုပ်သမား တစ်ယောက်ကို တစ်ရက်လုပ်အားခ ငွေကျပ် ၄၀ဝ၀ ပေးရပါတယ်။ ပုံမှန်အားဖြင့် ရေသွန်းဖို့၊ ဆေးဖြန်းဖို့ အလုပ်သမား နှစ်ယောက် ထားရပါတယ်။ ကြက်သွန်တစ်ဧကမှာ ကုန်ကျစရိတ်အနေနဲ့ စိုက်စရိတ်ရယ်၊ ပျိုးစရိတ်ရယ်၊ ဆီဖိုးရယ်၊ အလုပ်သမားခတွေရယ်၊ ပိုက်ဖိုးတွေရယ် တကယ်တွက်မယ်ဆို တစ်ဧကကို ငွေကျပ် (၁၀)သိန်းနှင့်  (၁၅)သိန်းခန့် ရှိတယ်လို့" မလှိုင်မြို့နယ် သရက်ကန်ကျေးရွာနေ ကြက်သွန်စိုက်တောင်သူ ဦးဝင်းမြင့်က ပြောသည်။

 

လက်ရှိအချိန် ကြက်သွန်ဈေးကွက်မှာ ကြက်သွန်တစ်ပိဿာလျှင် ငွေကျပ် ၆၀ဝ မှ ၆၅၀ အထိ ဈေးနှုန်းတက်လာ သော်လည်း ကြက်သွန်သိုလှောင်ချိန် အလုပ်သမား ကုန်ကျစရိတ်နှင့် ကုန်ချိန်လျော့နည်းမှုများကြောင့် တောင်သူများ တွက်ခြေမကိုက်၍ ကြက်သွန်တစ်ပိဿာလျှင် ငွေကျပ် ၉၀ဝ မှ ၁၀ဝ၀ ကျပ်အထိ ရရှိရန် တောင်သူများ မျှော်လင့်နေကြောင်း သိရသည်။

 

မလှိုင်မြို့နယ် ကူကြီးအုပ်စုရှိ ကြက်သွန်စိုက်တောင်သူများ အနေဖြင့် ပြီးခဲ့သောနှစ်က ကြက်သွန်မျိုးစေ့ တစ်ပြည်ကို ငွေကျပ် ၈၀ဝ၀ဝ ခန့်ပေးရပြီး ကြက်သွန်စိုက်ချိန် နောက်ပိုင်းတွင် မျိုးစေ့တစ်ပြည်လျှင် ငွေကျပ် ၁၀ဝ၀ဝ၀ အထိပေး၍ ဝယ်ယူရမှုများရှိခဲ့ကြောင်း ဒေသခံတောင်းသူများထံမှ သိရသည်။

 

မလှိုင်မြို့နယ်၌ တပေါင်းလ တန်ခူလများတွင်  ကြက်သွန်စတင်ထွက်ရှိခဲ့ပြီး ကြက်သွန်စထွက်ချိန်တွင် ကြက်သွန်ဈေးကွက်မှာ တစ်ပိဿာလျှင် ငွေကျပ် ၃၅၀ နှင့် ၃၆၀ ကျပ်ခန့်သာရှိခဲ့ပြီး ကြက်သွန်စိုက်တောင်သူ အချို့ ရောင်းချခဲ့သော်လည်း ကြက်သွန်ပေါ်ချိန်ဈေးနှုန်းမှာ ကျဆင်းသဖြင့် သိုလှောင်ခဲ့သူများလည်းရှိကြောင်း သိရသည်။

 

ဘိုဘို(မလှိုင်)