မလှိုင် ၂၂ မေ

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် မလှိုင်မြို့နယ်တွင် ၂၀၁၉ မေ ၂၀ရက် ညနေ ၃ နာရီက မိုးသက်လေပြင်းတိုက်၍ ကျေးရွာ ၆ ရွာတွင် လေဘေးသင့်ကာ ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

အဆိုပါ မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် မလှိုင်မြို့နယ် ကျောက်တန်းအုပ်စုရှိ ကျောက်တန်း ကျေးရွာ/ ညောင်မြင့်ကျေးရွာနှင့် မိတ်ကုန်းကျေးရွာတို့တွင်လည်းကောင်း မြင်းဦးလှည့်အုပ်စု ညောင်ကုန်း ကျေးရွာ နှင့် မြင်းတွင်းအုပ်စု ဘဏ္ဍာစိုးကျေးရွာ/ ကျပ်ဆည်အုပ်စု အဆုံကျေးရွာတို့တွင် မိုးသက်လေပြင်းကျရောက်၍ ဘုန်းကြီးကျောင်း(၂)ကျောင်း စာသင်ကျောင်း (၂)ကျောင်း နှင့် နေအိမ်များ အမိုးလန်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

 

mdn

 

မိုးသက်လေပြင်းတိုက်ခိုက်မှုကြောင့် ပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့ပြီး လေဘေးသင့်အိမ်ထောင်စုရှိသော်လည်း လူနှင့်တိရစ္ဆာန် ထိခိုက်မှုမရှိကြောင်း စုံစမ်းသိရသည်။

အဆိုပါ လေဘေးသင့်ကျေးရွာများမှ အိမ်ထောင်စုများကို မေ ၂၁ ရက် မွန်းလွဲပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ မိတ္ထီလာ မှ ထောက်ပံ့ငွေကျပ် ၆၆၈၀ဝ၀ နှင့် ပစ္စည်း ၁၀ မျိုးပါ အသုံးအဆောင်ပစ္စည်းများကို မလှိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ပေးအပ်ခဲ့ကြောင်း သိရသည်။

ဘိုဘို(မလှိုင်)